ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကို ညှိနှိုင်းမယ်လို့ ဦးသိန်းစိန်ပြော
2011.08.22
နေပြည်တော်မှာ ဒီကနေ့စတင် ကျင်းပတဲ့ ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က အခုလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က RFA ကို ပြောပါတယ်။
"ပထမအကြိမ် လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကို လိုအပ်တဲ့ တားဆီးမှုတွေ ပိတ်ပင်မှုတွေလုပ်မယ်လို့ ပြောပါတယ်။ အခုတခါကျတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကို ပဋိပက္ခ နဲအောင်
ညှိနှိုင်း ဆောင်ရွက်မယ်ဆိုတဲ့ သဘောမျိုး သူက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံတဲ့သူတွေအတွက်တော့ ဒီတခါ ညင်သာ ပျော့ပြောင်းတာကို တွေ့ရပါတယ်။"
ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ လွှတ်တော်နဲ့သာ သက်ဆိုင်တဲ့ အတွက် သမ္မတရဲ့ ပြောဆိုချက်ဟာ လက်တွေ့မကျ သလို၊ လွှတ်တော် နှစ်ရပ်လုံးမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီအမတ် အများစုက လွှမ်းမိုးထားတဲ့ အတွက် ပြင်ဆင်ဖို့ လုံး၀ မဖြစ်နိုင်ဘူးလို့ လွှတ်တော် အမတ် တချို့က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဆွေးနွေးပွဲတွေကို သီးခြား ကျင်းပခဲ့ကြောင်း၊ အမျိုးသား လွှတ်တော်မှာ လွှတ်တော် ဥက္ကဌက မိန့်ခွန်း ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကြမ်း တခုကို အဆိုပြု တင်သွင်း ခဲ့ကြောင်း၊ ပြည်သူ့ လွှတ်တော်မှာလည်း လွှတ်တော် ဥက္ကဌက မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ နေ့ခင်း ၁ နာရီမှာ သမ္မတ ဦးသိန်းစိန်က လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်း ပြောကြားခဲ့ပြီး၊ ဥပဒေ မူကြမ်း တချို့ တင်သွင်းတာတွေ ရှိခဲ့ကြောင်း သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်တော် အဖွင့် မိန့်ခွန်းပါ ပြောကြားချက်တွေ အပါအဝင် ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |