သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ ချွန်ဘူရီခရိုင် စက်မှုဇုန် သွားရောက်လေ့လာ

နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အရ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများအဖွဲ့ဟာ ဒီကနေ့မနက် (၁၁) နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိသွားပါတယ်။ သမ္မတနဲ့အဖွဲ့ကို ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် ခွန်မွန် လာချာဝေါင်စီနဲ့ ဒုတိယ ဝန်ကြီးချုပ် ခွန်ယူသာဆပ် တို့က ကြိုဆိုခဲ့ကြပါတယ်။

2012.07.22
thein-sein-arrives-bkk-b305 သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ထိိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်ချဘန် စက်မှုဇုန်တွင်၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်း အရာရှိများက ကြိုဆိုနေကြစဉ်။
RFA

သမ္မတဦးသိန်းစိန် နဲ့အတူ  ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြတဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်၊ ဦးသန်းဌေးတို့နဲ့အတူ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နှစ်ဦးတို့ အပါအဝင် အဖွဲ့ဝင်ပေါင်း ၅၀ ကျော်လိုက်ပါလာကြပါတယ်။

အဲဒီနောက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှာ သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ချွန်ဘူရီခရိုင် လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာကြရာ ထိုင်းနိုင်ငံဆိုင်ရာ စက်မှုဝန်ကြီး ခွန်ဖုန်စဝပ် နဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါတယ်။

လမ်ချဘန် စက်မှုဇုန်မှာရှိတဲ့ ဒေသဆိုင်ရာ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးစင်တာ အမှတ် (၄) မှာ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ကို ထိုင်းစက်မှုဝန်ကြီးနဲ့အတူ  အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် ခွန်အာခွန် သမ်ပီတရာပိုင်စစ်တို့က နှုတ်ခွန်းဆက်စကားနဲ့ အတူ ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ စက်မှုဇုန်ဖွံ့ဖြိုးရေးနဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ဆက်နွယ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းအရှေ့ပိုင်း ကမ်းရိုးတန်း ဒေသနဲ့ ထားဝယ် စီးပွားရေးဇုန် စီမံကိန်းတို့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

ညနေ ၄ နာရီခန့်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများအဖွဲ့ဟာ လမ်ချဘန်စက်မှုဇုန် ထိန်းချုပ်စင်တာကို သွားရောက် လေ့လာခဲ့ကြပြီး ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာသွားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။