ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေးအတွက် ပြည်ပရောက် တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

အခုအခြေအနေမှာ ငွေကြေး အရင်းအနှီးအပြင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့ နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူဖိတ်ခေါ်နေပါတယ်လို့ ဆိုပါတယ်။

တိုင်းပြည် ပြောင်းလဲတိုးတက်ရေးအတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ၊ ဘာသာရပ် ကျွမ်းကျင်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့ သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့ ထပ်မံ ဖိတ်ခေါ်ကြောင်း၊ စီးပွားရေး အလုပ်အကိုင်တွေအတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။

"ဒါက အင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ကတော့ ကြိုဆိုတယ်။ ကျွန်တော်တစ်ခု ပြောချင်တာကတော့ ပြည်ပမှာရောက်နေတဲ့ ပညာရှင်တွေ ဒါမှမဟုတ် တိုင်းပြည်အတွက် ပြန်ပြီးအကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်တယ်ဆိုရင် အဲဒီ သူတို့ပြန်လာချင်လောက်တဲ့၊ ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးဖို့ လိုတော့လိုအပ်မယ် ထင်ပါတယ်။ မြန်မာပြည်အတွက်ကတော့ သူတို့ ပြန်လာမယ်ဆိုရင် ပိုပြီးအများကြီး အကျိုးရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်ပမှာ နိုင်ငံတကာ အဆင့်အတန်းရှိနေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပြန်လာပြီး ကိုယ့်တိုင်းပြည်မှာ လုပ်မယ်ဆိုရင် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ ပြန်လာပြီး လုပ်တာဖြစ်မှာ၊ အဲဒီတော့ ဘာပဲပြောပြော နိုင်ငံတကာ အတွေ့အကြုံတွေရတဲ့ ပုဂ္ဂိုလ်တွေ တကယ့်ထဲထဲဝင်ဝင် ပြန်လုပ်မယ်ဆိုရင် တိုင်းပြည်က အကျိုးရှိဖို့ပဲ များပါတယ်။ အကျိုး ဆုတ်ယုတ်စရာ ဘာမှမရှိဘူးလို့ကျွန်တော်မြင်ပါတယ်။"

နိုင်ငံတကာက မိမိတို့နိုင်ငံကို ကူညီထောက်ပံ့မှုများ၊ ရင်းနှီးမြုပ်နှံလိုမှုများ ကမ်းလှမ်းလာချိန်မှာ အစိုးရ ဝန်ကြီးဌာနများနဲ့ အစိုးရအဖွဲ့အစည်းများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နည်းဗျူဟာ စီမံကိန်းများ၊ ဒေသန္တရ စီမံကိန်းများ ရေးဆွဲလုပ်ကိုင်သွားမယ်လို့လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။