ကိုယ်စားလှယ်လောင်းစာရင်းမှာ ဦးသိန်းစိန် အမည် မပါသေး

0:00 / 0:00

0:00 / 0:00

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီက လျာထားတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းထဲမှာ လက်ရှိအချိန်အထိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမည်စာရင်း မပါသေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သူရဦးအောင်ကိုက သတင်းထောက်တွေကို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

"ပါတီနိုင်ငံရေး မလုပ်တော့ဘူး၊ အမျိုးသားနိုင်ငံရေး လုပ်မယ်ဆိုတာက ပြည်ခိုင်ဖြိုးပါတီကို ပြန်မလာတော့ဘူး ထင်တယ်၊ သူပါတီပြန်မလာတော့ဘူးဆိုတာ နိုင်ငံရေးအသိုင်းအဝန်းရဲ့ ခန့်မှန်းချက်သာဖြစ်ပါတယ်၊ ပြန်လာမယ် ဆိုလို့ရှိရင်လည်း ပါတီကလက်ခံမှာပါ၊ လက်ခံမယ်ဆိုလို့ရှိရင် တတိယအကြိမ် ပါတီညီလာခံကျင်းပရပါမယ်၊ ကျင်းပမယ့်ကာလသည် ၂ဝ၁၅ အကုန် ၂ဝ၁၆ အစဖြစ်နိုင်ပါမယ်၊ သမ္မတကြီးဆန္ဒရှိရင် ပါတီခေါင်းဆောင် ပါတီဥက္ကဌအဖြစ်နဲ့ ပါတီဝင်တို့ရဲ့ ဆန္ဒသဘောထားနဲ့အညီ ပြန်လည်ရွေးချယ်ရမှာဖြစ်ပါတယ်၊ အခုထိမပါသေးပါ"

ဒါ့အပြင် ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီက လာမယ့်ရွေးကောက်ပွဲမှာ တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီးတွေနဲ့ အရာရှိကြီးတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးထားကြောင်းလည်း သူရ ဦးအောင်ကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ နှုတ်ထွက်တာဟာ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပါတီဌာနချုပ်နဲ့ ပြည်နယ်ဝန်ကြီးချုုပ် ဦးခင်မောင်ဦးတို့ သဘောထားကွဲတဲ့အတွက် နုတ်ထွက်သွားတာဖြစ်ကြောင်းလည်း သူရဦးအောင်ကိုက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ သတင်းထွက်နေတာနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်လောင်းစာရင်းကို ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်မှသာ အသေအချာပြောနိုင်မယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးက ပြောပါတယ်။ ဗိုလ်မှူးဇော်ဌေး ကို မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချိုကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။