သမ္မတ ဦးသိန်းစိန် ကုလတွင်းချုပ်၊ ရုရှ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံ

2015-11-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့  အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ နိုဝင်ဘာလ ၂၂ ရက်နေ့က သီးသန့်တွေ့ဆုံစဉ်
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ နိုဝင်ဘာလ ၂၂ ရက်နေ့က သီးသန့်တွေ့ဆုံစဉ်
Photo:Ye Htut(facebook)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့  အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ဟာ  ဒီကနေ့ နေ့လည်က သီးသန့်တွေ့ဆုံ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အရင်က နိုင်ငံတကာအသိုင်းအဝန်းကြား စိုးရိမ်စရာဖြစ်ခဲ့ပေမယ့်  အခုတော့ နိုင်ငံတကာ ကို မျှော်လင့်ချက်တွေပေးတဲ့ နိုင်ငံဖြစ်လာတဲ့အတွက် ဂုဏ်ယူကြောင်း မစ္စတာ ဘန်ကီမွန်းဘက်ကပြောဆိုသလို သမ္မတ ဦးသိန်းစိန်ဘက်ကလည်း ရွေးကောက်ပွဲရလဒ်တွေကို ဆက်ပြီးအကောင်အထည်ဖော်မယ့် ကိစ္စတွေနဲ့ အတူ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေမှာ ကုလသမဂ္ဂအဖွ့ဲကြီးက ကူညီခဲ့တာတွေနဲ့ ပတ်သက်လိ့ု့ကျေးဇူး တင်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ဒီတွေ့ဆုံမှုတွင်း ပါဝင်သူတစ်ဦးဖြစ်တဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

မစ္စတာဘန်ကီမွန်းက လူမျိုးနာမည်ကို ကိုယ်စားပြုမပြောပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွင်း မဲပေးခွင့်မရခဲ့ကြတဲ့ သူတွေနဲ့ပတ်သက်လို့ တွေ့ဆုံမှုတွင်း  ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

"ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဘက်ကတော့ လူမျိုးနာမည်ကို ထုတ်ဖော်ပြောကြားတာ မရှိပါဘူး၊ ဒါပေမဲ့ သူကဘာပြောသလဲဆိုတော့ ယခုရွေးကောက်ပွဲမှာ မဲပေးခွင့်မရခဲ့တဲ့သူတွေ လည်း နောင်ရွေးကောက်ပွဲတွေမှာတော့ မဲပေးခွင့်ရလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်၊ သမ္မတကြီး ကတော့ အဲ့ဒီလို မဲပေးဖို့နဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ဥပဒေကိုပြင်ဆင်တာဟာ အစိုးရက လုပ်တာမဟုတ်ဘူး၊ လွှတ်တော်က ဥပဒေကြမ်းတင်သွင်းပြီးတော့ လွှတ်တော်က ပြင်ဆင်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အစိုးရအနေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာအကောင်အထည် ဖော်ဖို့ပဲရှိတယ်၊ တကယ်လို့ အဲ့ဒီဥပဒေကို ပြင်ဖို့လိုတယ်လို့ ထင်တယ်ဆိုလို့ရှိရင် နောင်ပေါ်ပေါက်လာတဲ့ လွှတ်တော်မှာပြောပါ၊ လွှတ်တော်မှာ အများစုရတဲ့သူတွေနဲ့ ဆွေးနွေးပါလို့ ပြောခဲ့ပါတယ်"

ဒါ့အပြင်လည်း ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့  သီးသန့်တွေ့ဆုံ ခဲ့ပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်တဲ့ အခြေအနေတွေနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြင့်တင်ရေး ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့အတူ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ရုရှားနိုင်ငံဖက်က ဆက်ပြီး ကူညီဖို့တွေကိုလည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

မနေ့ညနေပိုင်းက အမေရိကန် သမ္မတ အိုဘားမားနဲ့ အစည်းဝေးခန်းမတွင်း တွေ့ဆုံစဉ်မှာတော့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိမရှိဆိုတာကို သမ္မတ အိုဘားမားက မေးခဲ့တယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"အိုဘားမားနဲ့တော့ဗျာ ကျနော်တို့က အစည်းအဝေးအချိန်ကျပ်လို့ သီးခြားတွေ့ဆုံနိုင်ခြင်း မရှိဘဲနဲ့ အစည်းအဝေး ခန်းထဲမှာပဲ ကျနော်တို့ ရပ်ပြီးတော့ ဆွေးနွေးတာဖြစ်ပါတယ်၊ အဓိကကျနော်တို့ ၃ ချက်ပြောပါတယ်၊ အိုဘားမား က မြန်မာနိုင်ငံရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှုအပေါ် သမ္မတကြီးကို ဂုဏ်ပြုပါတယ်၊ ပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲရလဒ်တွေကို သမ္မတကြီးအနေနဲ့ လေးစားလိုက်နာပြီးတော့မှ အေးချမ်းစွာ တာဝန်လွှဲပြောင်းဖို့အတွက် ဝမ်းသာတယ်ဆိုတဲ့အကြောင်း ပြောပါတယ်၊ ပြီးလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ရှိပါသလားလို့ မေးပါတယ်၊ သမ္မတကြီးကတော့ တွေ့ဆုံဖို့ရှိတယ်လို့ ပြန်ပြောခဲ့ပါတယ်"

ပြီးခဲ့တဲ့ ၅ နှစ်တွင်း မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင် ခဲ့တဲ့အတွက် ဝမ်းသာကြောင်းနဲ့ အသွင်ကူးပြောင်းရေးကို တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်သွားနိုူင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းနဲ့ အာဆီယံနိုင်ငံတွေရဲ့ သဘောထားတွေကို ပြောပြခဲ့တယ်လို့လည်း ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာကျင်းပနေတဲ့  အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့  သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ သမ္မတ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့