နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ မူတည်ပြီး ဒုတိယသက်တမ်းကို စဉ်းစားသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတဦးသိန်းစိန် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ သတင်းစာတချို့က ရေးသားကြတဲ့အပေါ် RFA က မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောပါတယ်။
"ကျနော်တို့ပြောနိုင်တာကတော့ သမ္မတကြီးအနေနဲ့ ဒုတိယသက်တမ်း ထမ်းဆောင်ခြင်းနဲ့ ပတ်သက်ပြီးတော့ မကြာသေးခင်ကပဲ ဂျပန်နိုင်ငံခရီးစဉ်မှာ NHK သတင်းဌာနကို သူကိုယ်တိုင်ပြောခဲ့တယ်၊ (၁) တိုင်းပြည်အခြေအနေ (၂) ပြည်တွင်းနိုင်ငံရေးအခြေအနေ (၃) ပြည်သူလူထုအနေအထားပေါ့၊ ဒီသုံးချက်ပေါ်မူတည်ပြီးတော့ ဒုတိယသက်တမ်းကို စဉ်းစားမယ်ဆိုပြီးတော့ သူပြောထားတာရှိပါတယ်၊ အခုလည်းအဲ့အတိုင်းပါပဲ"
ဒါ့အပြင် အဲဒီလိုသတင်းထွက်လာတာဟာ နိုင်ငံတော်သမ္မတကနေ ပြည်ထောင်စုနာယက သူရဦးရွှေမန်းထံ ပေးပို့တဲ့စာဆိုပြီး ရေးသားကြတာလည်း စဉ်းစားစရာဖြစ်နေကြောင်း ဦးဇော်ဌေးက ပြောပါတယ်။
ဖွဲ့စည်းပုံအရဆိုရင် နိုင်ငံတော်သမ္မတ ရွေးချယ်ဖို့အတွက် ပထမအဆင့်အနေနဲ့ ပြည်သူ့လွှတ်တော်က အဆိုပြုသူတစ်ဦး၊ အမျိုးသားလွှတ်တော်က အဆိုပြုသူတစ်ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အဆိုပြုသူတစ်ဦး စုစုပေါင်း ၃ ဦးဟာ ဒုတိယသမ္မတတွေဖြစ်ကြမှာဖြစ်ပြီး အဲဒီအထဲကမှ နိုင်ငံတော်သမ္မတ ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အဲဒီအဆိုပြုခံရသူတွေဟာ ရွေးချယ်တင်မြှောက်ခံရသူတွေထဲကလည်း ဖြစ်နိုင်သလို ရွေးကောက်ပွဲမဝင်ဘဲ အပြင်ကလူပုဂ္ဂိုလ်ကိုလည်း အဆိုပြုနိုင်ပါတယ်။
ဦးဇော်ဌေးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်အရွေးမခံတော့ဘူးလို့ သတင်းတွေထွက်ပေါ်လာတဲ့အပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
