နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ရွေးကောက်ပွဲမှာယှဉ်ပြိုင်မှာ မဟုတ် တော့ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိမ်းဆွေ က ဒီနေ့ ပြောကြားလိုက်ပါတယ်။ တပ်မတော်ကနေ အငြိမ်းစားယူ ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စား လှယ်လောင်းတွေကို ကြိုဆိုတဲ့ အခမ်းအနားမှာ ပါတီအတွင်းရေးမှူး ဦးသိမ်းဆွေ က ပြောလိုက်တာ ဖြစ်ပါတယ်။
"သမ္မတကြီး ရွေးကောက်ပွဲမဝင်ဘူးဆိုတာ တခြားအကြောင်းပြချက်မရှိပါဘူး၊ အထူးသဖြင့်တော့ ကျန်းမာရေးကြောင့်မဟုတ်ပါဘူး၊ ရွေးကောက်ပွဲမဝင်တာ သမ္မတကြီးရဲ့ သဘောဆန္ဒကြောင့်ပဲဖြစ်ပါတယ်၊ အလားတူ ကြံ့ခိုင်ရေးပါတီ အနိုင်ရမယ်ဆိုရင်လည်း ဘယ်သူ့ကိုရွေးမယ်ဆိုတာ အခုချိန်ထိ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး၊ ရွေးကောက်ပွဲပြီးတော့မှ အဖြေထွက်ပြီးတော့မှ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်နဲ့ ပါတီဗဟိုကော်မတီဝင်များရဲ့ အဆုံးအဖြတ်နဲ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်၊ သမ္မတကြီးက သူလည်းပြောထားပါတယ်၊ အမြဲတမ်း ပြည်ခိုင်ဖြိုးပါလို့ပြောထားတဲ့အတွက် သူရာသက်ပန် ပြည်ခိုင်ဖြိုးပါပဲ"
အဲဒီ့ကြိုဆိုပွဲအခမ်းအနားကို နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရုံးချုပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီကနေ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်တွေအတွက် တပ်မတော်ထိပ်တန်းအရာရှိကြီး ၂၆ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အငြိမ်းစားယူလိုက်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး စတဲ့ တပ်မတော်ထိပ်တန်းအရာရှိကြီးတွေနဲ့ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ယူခဲ့သူတွေ ပါဝင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ယှဉ်ပြိုင်မယ့် တပ်မတော်အရာရှိ စုစုပေါင်း ၃၃ ဦးနဲ့ ပေါင်းလိုက်ရင် တပ်မတော်ကနေ အငြိမ်းစားယူပြီး ယှဉ်ပြိုင်မယ့် ဦးရေ ၅၉ ယောက်ဖြစ်ပါတယ်။
လက်ရှိဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ ရွေးချယ်တင်မြှောက်ခံရသူထဲက ဖြစ်စရာမလိုတဲ့အတွက် သမ္မတဦးသိန်းစိန် ဟာ ရွေးကောက်ပွဲအပြီး နောက် သက်တမ်းမှာ တာဝန်ထမ်းဆောင်လိုတယ်ဆိုရင် တပ်မတော်သား အစုအဖွဲ့က ရွေး ချယ်ပေးလိုက်တဲ့ ဒုတိယသမ္မတကနေတဆင့် သမ္မတဖြစ်နိုင်တယ် လို့လည်း လေ့လာသူတွေက ပြောပါတယ်။
