သင်္ဃန်းကျွန်းပို့စ် သတင်းဌာနက အယ်ဒီတာနှစ်ဦး ထောင်ငါးနှစ်ချခံရ
2022.12.16

သင်္ဃန်းကျွန်းပို့စ် သတင်းဌာနက အယ်ဒီတာချုပ် ကိုဝေလင်းယုနဲ့ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဝေလင်းယုနဲ့ မထက်ထက်အောင်တို့ကို ပေါက်ကွဲစေတက်သော ဝတ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ နဲ့ စစ်ကောင်စီက စွပ်စွဲပြီး အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"၁၉၀၈ ခုနှစ် ပေါက်ကွဲစေတက်သော ဝတ္တုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ ပေါ့နော်။ အယူခံကတော့ အခွင့်အရေးရှိတယ်။ မလျှောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမြင့်ဆုံး ၁၄ နှစ်ချနိုင်တဲ့ ပြစ်မှုကို ငါးနှစ်ချလိုက်တာဆိုတော့ သုံးနှစ်ထက်လည်း လျော့ချလို့မရဘူး။ အယူခံတက်မှ အပြစ်တွေ ထပ်တိုးမှာ စိုးလို့လေ"
ချုပ်ရက်တွေကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ငါးနှစ်ထဲကနေ ထုတ်နုတ်ခံစားခွင့် ပေးကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
၁၉၀၈ ခုနှစ် ပေါက်ကွဲစေတက်သော ဝတ္တုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ မှာတော့ ပေါက်ကွဲစေတက်သေ ဝတ္တုပစ္စည်းကို မသင်္ကာဖွယ်ရာ ပြုလုပ်တာ၊ လက်ဝယ် ထားရှိတာတွေအတွက် ထောင် ၁၄ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ဒါမှမဟုတ် ထောင်ငါးနှစ် ဒါမှမဟုတ် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုဝေလင်းယုနဲ့ မထက်ထက်အောင်တို့ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ မနက် ၃ နာရီအချိန်က သာကေတမြို့နယ်က နေအိမ်တစ်ခုမှာ စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အဲဒီအချိန်က မထက်ထက်အောင်ရဲ့ သမီးငယ်ကိုပါ တစ်ပါတည်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မထက်ထက်အောင်ရဲ့ အသက် ခုနစ်နှစ်အရွယ်သမီးကိုပါ စစ်ကြောရေးမှာ ခေါ်ယူမေးမြန်းပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့တာပါ။
၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား ၄၂ ယောက်ထက်မနည်း ထောင်ချခံခဲ့ရတဲ့ အကြောင်း နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖော်ပြထားပြီး အခု ကိုဝေလင်းယုနဲ့ မထက်ထက်အောင်တို့ အပါအဝင် တစ်နှစ်အတွင်း ထောင်ချခံရသူ ၄၄ ဦး ရှိလာပြီဖြစ်ပါတယ်။