သြင်္ကန်ရက်တွေအတွင်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ပြန်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သြင်္ကန်ကာလအတွင်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အကူ အညီတွေ ပေးနိုင်ဖို့အတွက် မဏ္ဍပ်ကြီးတွေ မှာ ရှေးဦးပြုစုခြင်း စခန်းတွေ သီးသန့်ဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်းနဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်း ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်ကြီးတွေမှာ လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆေးပစ္စည်းအစုံအလင်ပါတဲ့ လူနာတင်ယာဉ်တွေကို ထားပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့ ပထမတန်း ဦးစီးမှူး ဦးမျိုးမင်းနောင် က ပြောပါတယ်။

"ကျနော်တို့က ရန်ကုန်တစ်တိုင်းလုံးမှာရှိတဲ့ အရေးကြီးတဲ့မဏ္ဍပ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ငါးရက်လုံး ကူညီစောင့်ရှောက်ပေးပါမယ်၊ မြို့နယ်အသီးသီးက ကြက်ခြေနီတွေကလည်း မိမိတို့မြို့နယ်အလိုက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးပါလိမ့်မယ်၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ်တွေရော အားလုံးဒီနှစ်မှာ ကြက်ခြေနီ အင်အား ငါးရာလောက်ရှိပါတယ်၊ ရန်ကုန်မြို့တွင်းမှာ ကားတွေကြပ်နေမှာဖြစ်တဲ့အတွက် သူ့ဧရိယာအလိုက် ကျနော်တို့က သတ်မှတ်ပြီးသားဖြစ်ပါတယ်၊ အရေးပေါ်ဖြစ်လာတဲ့အခါမှာ တစ်နေရာနဲ့တစ်နေရာ ကားတွေက အလျင်စလိုမသွားဖို့အတွက်လည်း သတ်မှတ်ချက်တွေနဲ့ ကျနော်တို့ စနစ်တကျဆောင်ရွက်ဖို့ဆိုပြီးတော့ စီစဉ် ပြီးဖြစ်ပါတယ်၊ အဲ့ဒီကားတွေမှာလည်း ဆေးပစ္စည်းတွေ အပြည့်အစုံ အလုံအလောက်ထည့်ထားပြီးဖြစ်ပါတယ်၊ လူမှုရေးအဖွဲ့တွေကလည်း သူ့ဟာနဲ့သူ ဆေးပစ္စည်းတွေနဲ့ အကုန်တာဝန်ယူပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်"

နာရေးကူညီမှုအသင်း၊ သီရိမေတ္တာ၊ ရွှေသံလွင်၊ ရှင်သန်ရေး၊ သီရိမင်္ဂလာ၊ မိုးစေတနာ စတဲ့ လူမှုရေးအဖွဲ့တွေနဲ့ ရန်ကုန်တိုင်း ကြက်ခြေနီအဖွဲ့တွေ ပူးပေါင်းပြီး မဏ္ဍပ်တစ်ခုမှာ လူနာတင်ယာဉ် အနည်းဆုံးတစ်စီးစီ ထားပေး မှာဖြစ်ပါတယ်။

ရန်ကုန်တိုင်း ကြက်ခြေနီအဖွဲ့ဟာ မနက် ၇ နာရီကစပြီး ည ၁၀ နာရီအထိ မဏ္ဍပ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးသွား မှာဖြစ်တယ် လို့လည်း ဦးမျိုးမင်းနောင် က ပြောပါတယ်။

ရန်ကုန်-နေပြည်တော် မန္တလေး အမြန်လမ်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းနဲ့ပြည်နယ်အားလုံးက အရေးကြီးတဲ့ မဏ္ဍပ်တွေမှာ လူနာတင်ယာဉ်တွေ အဆင်သင့်ထားရှိမှာဖြစ်ပါတယ်။