သင်္ဃန်းညီနောင်ဗျူဟာကုန်းနဲ့ ခမရ ၃၅၇ ကို ပူးပေါင်းတပ်ဖွဲ့တွေသိမ်းယူ

တပ်မဟာ ၆ နဲ့ အဖွဲ့စုံပါတဲ့ ပူးပေါင်းအဖွဲ့တွေက သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနဲ့ ခမရ (၃၅၇) ကို သိမ်းလိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ စခန်းသိမ်းယူရာမှာပါတဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က RFA ကို ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် တစ်ကျော့ပြန်တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်က ထုတ်ပြန်ထားစဉ်။ Karen National Union

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနဲ့ ခမရ (၃၅၇) တို့ကို ဧပြီ ၄ ရက်နေ့လယ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူလိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တပ်မဟာ ၆ နဲ့ အဖွဲ့စုံပါတဲ့ ပူးပေါင်းအဖွဲ့တွေက သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနဲ့ ခမရ (၃၅၇) ကို သိမ်းလိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ စခန်းသိမ်းယူရာမှာပါတဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က RFA ကို ပြောပါတယ်။

မြ၀တီမြို့နယ်က ခလရ ၂၇၅ ကိုလည်း KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း သူက ဆိုပါတယ်။

နှစ်ဘက်ထိခိုက်သေဆုံးတာနဲ့ လက်ရှိအခြေအနေအသေးစိတ်ကို KNU အပါအဝင် တော်လှန်ရေးအဖွဲ့တွေက သတင်းမထုတ်ပြန်သေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုလို စခန်းသိမ်းခံရတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဧပြီ ၂ ရက်နေ့ကလည်း သင်္ဃန်းညီနောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၅၅) တပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ် နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဆယ် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မတ်လအတွင်း KNU တပ်မဟာ (၆) နယ်မြေမှာ မြဝတီ သင်္ဃန်းညီနောင် အခြေစိုက် ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ဖလူးစခန်းနဲ့ ကျိုက်ဒုံဗျူဟာကုန်းစခန်း စတဲ့ စစ်ကောင်စီတပ်စခန်းလေးခုကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းထားပြီး စစ်ကောင်စီဘက်ကလည်း ကျန်တဲ့စစ်စခန်းတွေ လက်မလွှတ်ရဖို့အတွက် လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org