စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဇန်နဝါရီ ၇ရက်နေ့မှာ တိုက်ပွဲ တစ်နေကုန် ဖြစ်ပွားနေတာကြောင့် ရွာ ၅ ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေကြပါတယ်။
ဇန်နဝါရီ ၇ရက် မနက် ၆ နာရီ လောက်စပြီး တစ်နေကုန် တိုက်ပွဲပြင်းထန်နေတာလို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပြောခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
“၆ နာရီလောက်စပြီး ယင်းမာပင်မြို့အထွက်မှာစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တယ်။ တစ်နေကုန်နီးပါးပဲ။ ယင်းမာပင်မြို့အရှေ့ဘက် မြို့သစ်ကျေးရွာမှာ လူနေအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့တယ်၊ မြို့သစ်ကျေးရွာလမ်းမှာလည်း ခရိုင်ပူးပေါင်း PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ဖိုလ်ဝင်တောင် တကြောမှာ တောက်လျှောက်ပဲ”
ဒီတိုက်ပွဲတွေကြောင့် ယင်းမာပင်မြို့နယ် ကောင်းဆင့်ရွာ၊ ရွာသာယာရွာ၊ နှောရိုးရွာ၊ တည်ပင်ကန်ရွာ၊ မြို့သစ်ရွာတွေက ရွာခံ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြတာလို့ သူက ပြောပါတယ်။
“ခန့်မှန်းခြေကတော့ အားလုံးပေါင်းဆိုရင် တစ်သောင်းကနေ ငါးသောင်းကြားရှိပါတယ်။ ရွာကြီးတွေပဲဗျ။ ရွာသာယာရွာဆိုရင် အိမ်ခြေ တစ်ထောင့်ငါးရာကနေ နှစ်ထောင်နီးပါး ရှိတယ်။ အဲ့မှာဆိုရင်လည်း အကုန်လုံးက စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးကြတာပဲ”
ယင်းမာပင်မြို့နယ်ထဲမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတာကြောင့် အိမ်တိုင်းမှာ ထွက်ပြေးဖို့ အထုပ်အပိုးတွေ အဆင်သင့်ပြင်ဆင်ထားကြရတာလို့ ရွာသာယာရွာခံတစ်ဦးက ပြောပါတယ်။ ဇန်နဝါရီ ၇ ရက်တိုက်ပွဲဟာ အရင်တိုက်ပွဲတွေထက် ပြင်းထန်တာကြောင့် ရွာလုံးကျွတ်ပြေးခဲ့ကြတာလို့ သူက ဆိုပါတယ်။
“သက်ကြီးရွယ်အိုတွေ ဘိုးဘွားတွေဆိုရင် ဒီအထိ ခေါ်ခဲ့ရတာ။ အရင်တစ်ခေါက်တွေတုန်းက ဒီလောက်မပြင်းထန်တော့ သက်ကြီးရွယ်အိုတွေဆိုရင် ရွာဦးဘုန်းကြီးကျောင်းလောက်အထိပဲ ပြေးပြီး တိမ်းရှောင်ခဲ့ကြတာ။ ဒီတစ်ခေါက်က တိုက်ပွဲက တော်တော်လေးပြင်းထန်တော့ ရွာမှာ ဘယ်သူမှ မနေကြတော့ဘဲ ကိုယ်နဲ့ တော်တော်လေး ကင်းလွတ်ရာ နေရာတွေကိုပဲ ထွက်ပြေးခဲ့ကြတာ။ သက်ကြီးရွယ်အိုတွေလည်း ပြေးရတာ အဆင်တော့မပြေဘူး ပေါ့နော်။ ဒါပေမယ့် အဆင်ပြေသလိုလေး သယ်ပြီး ဘေးလွတ်ရာကို ရှောင်ရတာပေါ့။”
ဒီတိုက်ပွဲအတွင်း စစ်တပ်က ကောင်းဆင့်ရွာထဲမှာ ကျန်ခဲ့တဲ့ အသက် ၃ဝကျော်အရွယ် စိတ်ရောဂါဝေဒနာသည်အမျိုးသားတစ်ယောက်ကို ပစ်သတ်ပြီး လူနေအိမ်ကိုပါ မီးရှို့ခဲ့တယ်လို့လည်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပြောခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
“ညနေ ၂နာရီ ၃နာရီလောက် ယင်းမာပင်မြို့ အရှေ့ဘက်က ကောင်းဆင့်ရွာထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတယ်။ မနက် တိုက်ပွဲဖြစ်ကတည်းက ရွာသားတွေက ဘေးလွတ်ရာကို ထွက်ပြေးကုန်ပြီ။ အဲဒါကို သူက စိတ်မနှံ့တဲ့အမျိုးသား၊ သူတစ်ယောက်တည်း အိမ်မှာ ကျန်နေခဲ့တာ၊ အဲဒါကို ပစ်သတ်သွားပြီး အလောင်းကို လူနေအိမ်ထဲ ပစ်ထည့်ပြီး မီးရှို့သွားတာ”
ယင်းမာပင်မြို့နယ်က ဇန်နဝါရီ ၇ရက်နေ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
PDF တပ်တွေက မိုင်းခွဲတိုက်ခိုက်တဲ့အခါ ဖုန်းလိုင်းအသုံးပြုလေ့ရှိတာကို တားမြစ်တဲ့အနေနဲ့ စစ်ကောင်စီက ဖုန်းလိုင်းတွေကို ဇန်နဝါရီ ၇ ရက် မနက်မှာ ယာယီဖြတ်တောက်ခဲ့တယ်လို့လည်း သိရပါတယ်။ အရင်ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခါ စစ်ကောင်စီဘက်က မကြာခဏဆိုသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။