ဝါးခယ်မ လယ်သမား သုံးဦး ဖမ်းဆီးခံရ

စိုးသိမ်း
2021.01.23
ဝါးခယ်မ လယ်သမား သုံးဦး ဖမ်းဆီးခံရ တရားစွဲခံရတဲ့ ဝါးခယ်မမြို့နယ်က လယ်သမားတွေကို ၂၀၂၁ ဇန်နဝါရီ ၇ ရက်နေ့က မြို့နယ်တရားရုံးရှေ့မှာ တွေ့ရစဉ်
Photo: Soe Thein/RFA

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံပတုပ်ဝ ကျေးရွာမှာရှိတဲ့ အမှတ် ၄ စီမံကိန်းတူးမြောင်းထဲမှာ ငါးဖမ်းဖို့လုပ်ထားတဲ့ အတားအဆီးတွေကို လယ်သမားတွေက ဖယ်ရှားလို့ဆိုပြီး အမှုဖွင့်ခံထားရတဲ့ လယ်သ မား ခြောက်ဦးထဲက သုံးဦးကို မနေ့က ရွှေလောင်းမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ စီမံကိန်းတူးမြောင်းမှာ ငါးဖမ်းတဲ့ အတားအဆီးတွေကို လယ်သမား ၇၀ ကျော်တို့က သူတို့လယ်မှာ ရေရရှိဖို့နဲ့ လယ်လုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲတွေ ရှိတယ်ဆိုပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖယ်ရှားခဲ့တာပါ။

ဒါကြောင့် လယ်သမား ခြောက်ဦးကို အင်းလုပ်ငန်းရှင်က ရွှေလောင်းနယ်မြေရဲစခန်းမှာ ခိုးမှု ပုဒ်မ ၃၇၉၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ အင်းလုပ်ငန်းရှင်ဘက်က အမှုဖွင့်ထားတာ ဖြစ်ပြီး မနေ့က အဖမ်းခံရတဲ့သူတွေကတော့ ဦးချစ်ဆံ၊ ဦးမျိုးမြင့် နဲ့ ဦးတင်အောင်တို့ ဖြစ်ပါတယ်။

အဲဒီအင်းလုပ်ငန်းကြောင့် လယ်သမားတွေ လယ်လုပ်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရကြောင်း လယ်သမား ဦးမြင့်ခိုင်အပါဝင် လယ်သမား ၁၀၀ ကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေကို တိုင်ကြားထားပါတယ်။ အဲဒီတိုင်ကြားစာနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေနဲ့ အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့က ရွှေလောင်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ဆေးနေတာပါ။

အဲဒီလို စစ်ဆေးနေစဉ်မှာ လယ်သမားတွေ ခုလိုဖမ်းဆီးခံခဲ့ရတာလို့ လယ်သမား ဦးမြင့်ခိုင်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လယ်သမား သုံးဦးဟာ အသိပေးအကြောင်းကြားမခံရဘဲ ဖမ်းဆီးခံခဲ့ရတာလို့ လယ်သမားအရေး လှုပ်ရှားသူ မသန်းသန်းမိုးက RFA ကို ပြောပါတယ်။

အခုလို ဖမ်းဆီးရတာက အမှုဖွင့်ထားတာ ကြာပြီဖြစ်လို့ တွေ့တဲ့အချိန်မှာ ဖမ်းဆီးလိုက်တာလို့ ဝါးခယ်မ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးလွင်က ပြောပါတယ်။

အမှုဖွင့်ခံထားရသူတွေထဲက နောက်ထပ်သုံးဦးကိုလည်း ဆက်လက် ဖမ်းဆီးသွားမယ်လို့ ဝါးခယ်မ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။