ကချင်ဝန်ကြီး ၁ဦးကို တာဝန်ရပ်စဲ၊ နှစ်ဦးကို နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာ


2019.01.22
kachin-ministers-resign-622.jpg တာဝန်မှရပ်စဲခံရတဲ့ ဦးHလအောင်နဲ့ ရာထူးမှနုတ်ထွက်လိုက်တဲ့ ဒေါက်တာသင်းလွင်နဲ့ ဦးမြသိန်း တို့ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို  တာဝန်ကရပ်စဲပြီး စိုက်မွေးဝန်ကြီးနဲ့ လူမှုရေးဝန်ကြီးတို့ကို ရာထူးကနေ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော် သမ္မတရုံးက မနေ့ညက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင်ကို တာဝန်ကရပ်စဲပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကို နုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဝန်ကြီး ဦးH လအောင်ကို မနေ့ကညနေပိုင်းမှာ ခေါ်ယူတွေ့ဆုံပြီး ကျန်းမာရေးအကြောင်းပြချက်နဲ့ နုတ်ထွက်စာမှာ လက်မှတ်ရေးထိုးဖို့နဲ့ ကျန်ဝန်ကြီး နှစ်ပါးက လက်မှတ်ထိုးပေးပြီး ဖြစ်ကြောင်းပြောခဲ့တယ်လို့ ဦးHလအောင်က သတင်းမီဒီယာတွေကို မနေ့ညက သူ့နေအိမ်မှာ ခေါ်ယူတွေ့ဆုံပြီးပြောခဲ့ပါတယ်။

ဘာကြောင့် နုတ်ထွက်ခိုင်းတယ်ဆိုတဲ့ အကြောင်းပြချက်မပေးလို့ သူ့အနေနဲ့ လက်မှတ်မရေးထိုးခဲ့ဘူးလို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ်က ဒါဟာ သမ္မတရဲ့ညွှန်ကြားချက်ဖြစ်ပြီး အဲဒီညွှန်ကြားချက်ကို ဝန်ကြီးချုပ်တွေက လိုက်နာရကြောင်းသာ ပြောကြောင်းနဲ့  ဦးHလအောင်က သူ့မှာအပြစ်ရှိခဲ့ရင် ထောက်ပြဖို့နဲ့ ထုချေခွင့်ပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။