ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃ ဦးအမှု လာမယ့် ၂၈ ရက်နေ့ စစစ်မည်
2017.07.18

မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းသမား ၃ ဦးနဲ့ ယာဉ်မောင်း ၃ ဦးအမှုကို လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့မှာ သီပေါမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။
တရားလိုဘက်က တင်ပြတဲ့သက်သေတွေကို စတင်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဖမ်းဆီးခံထားရတဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်ရဲ့ ရှေ့နေ ဒေါ်ခင်မိမိ ကပြောပါတယ်။
" ၂၈ ရက်နေ့ကနေ စပြီးစစ်မှာပါ။ သက်သေလာရင်စစ်မှာပေါ့။ အစိုးရဘက်က ရဲစွဲချက်မှာပါတဲ့ သက်သေတွေ အစိုးရသက်သေတွေလေ။ တရားလိုက အစိုးရလေ။သူတို့သက်သေကို စပြီးတော့ စစ်မှာပါ။"
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က တအာင်းလွတ်မြောက်ရေးတပ်မတော်က ဦးဆောင်ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကနေအပြန် တပ်မတော်က သတင်းသမား ၃ ဦးနဲ့ ယာဉ်မောင်း ၃ ဦးကို ရှမ်းပြည် နယ်မြောက်ပိုင်း နမ့်ဆန်နဲ့ သီပေါမြို့နယ်ကြားမှာ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့မှာ သီပေါမြို့မ ရဲစခန်းမှာ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အမှုဖြစ်ခဲ့တဲ့နေရာဟာ နမ့်ဆန်မြို့နယ်အတွင်းဖြစ်တာကြောင့် သီပေါမြို့မရဲစခန်းကနေ နမ့်ဆန်မြို့မ ရဲစခန်းကို အခုလဆန်းပိုင်းက ပြောင်းရွှေ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သွားလာရေးလွယ်ကူပြီး သက်သေတွေလာရောက်ဖို့ အဆင်ပြေနိုင်မယ့် သီပေါမြို့နယ် တရားရုံးမှာသာ အမှုစစ်ဖို့ လျှောက်ထားမှုတွေရှိတာကြောင့် ဒီနေ့မှာ ကျောက်မဲခရိုင် တရားရုံးဆုံးဖြတ်ချက်နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃ ဦးနဲ့ ယာဉ်မောင်း ၃ ဦးကို သီပေါမြို့နယ်တရားရုံးမှာသာ စစ်ဆေးဖို့အတွက် အမှုတွဲ ပြန်လည်တင်ခဲ့တယ်လို့ သိရပါတယ်။