ကိုဆွေဝင်း ပုဒ်မ ၆၆(ဃ) နဲ့ မငြိစွန်းကြောင်း ဝန်ကြီး သူရဦးအောင်ကို ပြောကြား


2017.03.11
thura-aungko-620.jpg သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်
Photo: RFA

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မငြိစွန်းကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

မန္တလေးက ဆရာတော်ဦးဝီရသူရဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေ ဆိုသူက သတင်းထောက် ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ပြောတာဖြစ်ပါတယ်။

''မန္တလေးက ဆရာတော်တစ်ပါးရဲ့ ပြောကြားချက်ကို ပြန်ထုတ်နှုတ်ပြီးမှ သူက ဖော်ပြခြင်းဖြစ်ပါတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် ၆၆ (ဃ) နဲ့ သူက လွတ်ကင်းနေပါတယ်၊ ဆရာတော် ဦးဝီရသူရဲ့ ကိုယ်စားလှယ် ကနေ တရားစွဲတဲ့ကိစ္စအပေါ်မှာလည်းပဲ တစ်နိုင်ငံလုံးကနေပြီးတော့မှ ပြည်သူတွေကြားမှာရော၊ ဥပဒေ ပညာရှင်တွေကြားမှာရော ဝေဖန်ဆန့်ကျင်နေကြပါတယ်၊ ဒါကြောင့်မို့လို ဒီတရားစွဲမှုဟာ ပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ ဥပဒေပညာရှင်တွေရဲ့ ဆန့်ကျင်မှု၊ အဖွဲ့အစည်းလူတွေအားလုံးရဲ့ ဆန့်ကျင်မှု၊ ရဟန်းသံဃာများ ကလည်း ဆန့်ကျင်ကြပါတယ်၊ ဒီသံဃာ့မဟာနာယက ဆရာတော်တွေကလည်း ဆန့်ကျင်ကြပါတယ်၊ အဲဒီလို ဆန့်ကျင်ကြတဲ့အတွက် အဲဒီအမှုဟာ အဖျားရှုးပြီးတော့ ပျက်ပြယ်သွားလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ပါတယ်''

Ba Kaung ဆိုတဲ့ အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။

အဲဒီလိုရေးသားတာတွေနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူက ကိုဆွေဝင်းကို  (၇) ရက်အတွင်း လာရောက်တောင်းပန်ဖို့  မတောင်းပန်ရင် အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ရက် စာမျက်နှာ ကတဆင့် ပြန်လည်ရေးသားခဲ့ပါတယ်။

ကိုဆွေဝင်းက မတောင်းပန်ခဲ့တဲ့အတွက် ဆရာတော်ဦးဝီရသူ ရဲ့ မိန့်ကြားချက်နဲ့ ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ မတ်လ ၇ ရက်နေ့ က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။