ပါတီနဲ့ ကော်မရှင် အလဲအထပ် လုပ်လိုက်ရတဲ့သဘောလို့ သူရဦးရွှေမန်းပြော

2019-03-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း ကို တွေ့ရစဉ်
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း ကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP တည်ထောင်လိုက်တာကြောင့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဖျက်သိမ်းလိုက်ရတာဟာ ကော်မရှင် ရပ်တည်ရေးနဲ့ ပါတီတည်ထောင်ရေးကို အလဲအထပ် လုပ်လိုက်ရတဲ့သဘောလို့ UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်းက RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

ပါတီထူထောင်လိုက်တဲ့အတွက် ကော်မရှင်မှာ ဆက်ပြီး တာဝန်မယူသင့်ဘူးလို့ ပြောဆိုမှုတွေဟာ မှန်ကန်ကြောင်း သူရဦးရွှေမန်းက ဆိုပါတယ်။

အရင်က ပါတီဟောင်းရဲ့ သူလျှို၊ သာကူး - အခြေအနေကောင်းတဲ့ပါတီကို သွားခိုလှုံပြီး ခြံခုန်တယ်လို့ ပြောဆိုခံရတာတွေ ရှိခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ကော်မရှင် ဖျက်သိမ်းဖို့  ဆုံးဖြတ်လိုက်တဲ့အတွက် အခုဆိုရင် ဘယ်ပါတီရဲ့ လက်ဝေခံ အစိတ်အပိုင်းတစ်ခု မဟုတ်တော့ကြောင်း၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ရဲ့ နိုင်ငံရေးဆန္ဒတွေကို လွတ်လွတ်ကင်းကင်း ဆောင်ရွက်နိုင်တာဟာ ကောင်းမွန်တဲ့ အခြေအနေဖြစ်သွားကြောင်းလည်း ပြောပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ မဟာမိတ်အဖြစ်သွားမလား ဒါမှမဟုတ်ရင် ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်သွားမလဲလို့ RFA က မေးမြန်းရာမှာတော့ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကို မေးမြန်းရာမှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD ပါတီနဲ့ USDP ပါတီတို့က ကြိုးစားမှုတွေနဲ့ ပတ်သက်လို့တော့ ဒီလုပ်ဆောင်ချက်တွေဟာ နိုင်ငံရေး ကစားကွက်ပဲဖြစ်ဖြစ်၊ နိုင်ငံအရေးအတွက် အမှန်တကယ် ပြောင်းလဲလိုတာပဲဖြစ်ဖြစ် အခုလို ဖွဲ့စည်းပုံပြောင်းလဲဖို့ ကြိုးစားမှုအပေါ် သူ့အနေနဲ့ ကြိုဆိုထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

ဆိုက်တခုလုံးသို့