မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံကို တီမောဖိအားပေး

မြန်မာနိုင်ငံအရေး မဖြေရှင်းနိုင်သေးရင် အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်မှာမဟုတ်ဘူးလို့ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မို (Xanana Gusmao) က ပြောလိုက်ပါတယ်။

အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ်ဟောတာ (Jose Ramos Horta) နဲ့ ရွေးကောက်ခံဝန်ကြီးချုပ်သစ်တို့ တနင်္လာနေ့က တွေ့ဆုံအပြီး အခုလို ပြောလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မိုက ..."မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အရှေ့တီမောရဲ့ ရပ်တည်ချက်ဟာ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်အတိုင်းဖြစ်‌ပြီး ပြောင်းလဲမှာ မဟုတ်ပါဘူး။ မိမိတို့အနေနဲ့ ဘယ်အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး မြန်မာစစ်အာဏာရှင်တွေကို အာဆီယံက တင်းတင်းကျပ်ကျပ် ဖိအားမပေးနိုင်သရွေ့ အာဆီယံကို အရှေ့တီမောက မယုံကြည်ဘူးလို့ ပြောချင်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အရှေ့တီမောမှာ အကြမ်းဖက်မှုတွေ ရှိခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းတာမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးကြောင်း၊ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတုန်းပဲလို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကတော့ အရှေ့တီမောအနေနဲ့ အခုလိုပြောတာဟာ အာဆီယံကို ဖိအားပေးလိုက်တာဖြစ်ပြီး အာဆီယံဘက်က ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရမယ်လို့ RFA ကိုပြောပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာဖို့ တွန်းအားပေးနေပေမဲ့ စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ အကောင်အထည်ဖော်တာမရှိသေးဘူးလို့ အဖွဲ့ဝင်နိုင်ငံတွေဘက်က ထောက်ပြနေပါတယ်။

အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ၂ဝ၁၁ ခုနှစ်ကတည်းက ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ အာဆီယံကလည်း အဖွဲ့ဝင်နိုင်ငံအဖြစ် မူအားဖြင့် ကနဦးသဘောတူထားပြီး ဖြစ်ပါတယ်။

အရှေ့တီမောနိုင်ငံသမ္မတကတော့ ၂ဝ၂၅ ခုနှစ်နောက်ဆုံးထားပြီး အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့ မျှော်မှန်းကြောင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ကျင်းပတဲ့ အရှေ့တီမောနိုင်ငံ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို စစ်ကောင်စီကိုမဖိတ်ဘဲ NUG အစိုးရတာဝန်ရှိသူတွေကိုပဲ ဖိတ်ကြားခဲ့ပါတယ်။