NUG နဲ့ ဆက်ဆံလို့ တီမောသံရုံးတာဝန်ခံကို နှင်ထုတ်တာလို့ စစ်ကောင်စီ ထုတ်ပြန်

အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံလို့ ရန်ကုန်မြို့ သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးတာဝန်ခံကို စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည်တွင်းကနေ ထွက်ခွာဖို့ အကြောင်းကြားခဲ့တာလို့ စစ်ကောင်စီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အရှေ့တီမောနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို NUG အနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေကို သိရှိပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်တဲ့ အရှေ့တီမောအစိုးရနဲ့ အရှေ့တီမော ပြည်သူ၊ ပြည်သားတွေရဲ့ လုပ်ရပ်ကို ကျေးဇူးတင်ပါတယ်။ အရှေ့တီမောနိုင်ငံလိုပဲ တခြားနိုင်ငံတွေအနေနဲ့လည်း မြန်မာအရေးကိစ္စနဲ့ပတ်သက်ပြီး အခုလို ပြတ်ပြတ်သားသားရပ်တည်ဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်။ စစ်ကောင်စီကတော့ ဒီတိုင်းပြည်မှာ မနေနဲ့ဆိုတဲ့ လုပ်ရပ်မျိုးကိုပဲ လုပ်ဆောင်မှာဖြစ်ပြီး ဒီလိုဆောင်ရွက်ချက်တွေကို ထည့်စဉ်းစားဖို့ မလိုအပ်ပါဘူး”

စစ်ကောင်စီက အရှေ့တီမောနိုင်ငံကို NUG နဲ့ မဆက်ဆံဖို့ ဆက်တိုက်သတိပေးနေပေမယ့် အရှေ့တီမောအစိုးရဟာ NUG နဲ့ ထိတွေ့နေပြီး ဒီလုပ်ဆောင်ချက်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် NUG ရဲ့ ဆောင်ရွက်ချက်တွေကို အားပေးအားမြှောက်ပြုသလိုဖြစ်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပြစ်တင်ပါတယ်။

အရှေ့တီမောနိုင်ငံကတော့ ရန်ကုန်မှာရှိတဲ့ သံအရာရှိကို နှင်ထုတ်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောဆိုကြောင်း Reuters သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို မဖြေရှင်းနိုင်သရွေ့ အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် Xanana Gusmaoက ပြောကြားခဲ့တာနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် တခြား တာဝန်ရှိသူတွေကို အစိုးရသစ်ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားခဲ့တာတွေကြောင့် သံရုံးတာဝန်ခံကို စစ်ကောင်စီက ရန်ကုန်မြို့သံရုံးကနေ အခုလို နှင်ထုတ်ရတာဖြစ်ကြောင်း ပေါ်တူဂီအခြေစိုက် Lusa သတင်းဌာနက သြဂုတ် ၂၆ ရက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ အကြမ်းဖက်အဖွဲ့ အစည်းတွေအဖြစ် စစ်ကောင်စီက ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တန်ပြန်ကြေညာထားပါတယ်။