အဂတိကော်မရှင်ကို တိုင်ကြားခံရမှု ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်လို့ ဒေါက်တာ အောင်မိုးညို ပြော
2019.05.24

အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့အပေါ် တရားဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဒီနေ့ ပြောလိုက်ပါတယ်။
မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ တိုင်းဝန်ကြီး သုံးဦးဟာ မင်းဘူးမန်းရွှေစက်တော် ၂၀၁၈ ခုနှစ် ပွဲတော်ကာလတွင်း တည်းခိုခန်းခမပေးပဲ နေခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခံထားရတာဖြစ်ပါတယ်။
တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနဲ့ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးတို့ကို NLD အမတ်ဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက တိုင်ကြားတာဖြစ်ပါတယ်။
တိုင်ကြားခံရတဲ့အပေါ် ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက RFA ကို ပြောပါတယ်။
တိုင်ကြားတဲ့ ဦးတင်အောင်ထွန်းဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲမှာအောင်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ ပါတီကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။
နိုင်ငံရေးရာထူး လက်ရှိရရှိထားသူတွေဟာ သတ်မှတ်ထားတဲ့ အခကြေးငွေတစ်စုံတစ်ရာမပေးဘဲ တည်းခိုတာ အဂတိလိုက်စားမှုမြောက်တယ်လို့ ဦးတင်အောင်ထွန်းက မနေ့က ပြောခဲ့ပါတယ်။
မင်းဘူးမန်းရွှေစက်တော် ဘုရားပွဲတော်ဟာ နှစ်စဉ်ကျင်းပတာဖြစ်ပြီး နမ္မဒါအဆင့်မြင့် တည်းခိုဆောင် လေလံရထားသူတွေဟာ ဘုရားပွဲတော်ရက်တွေမှာ အထူးဧည့်သည်တော်တွေ တည်းခိုဖို့ တည်းခိုဆောင် ရှစ်လုံးကို တိုင်းဒေသကြီးအစိုးရအတွက် တာဝန်ယူဆောက်လုပ်ပေးရပြီး ဧည့်သည်လာချိန်မှာ (၂၄) နာရီကြိုတင်အကြောင်းကြားပြီး စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ တခြားဘုရားဖူးဧည့်သည်တွေကို အခကြေးငွေယူပြီး တည်းခွင့်ပေးနိုင်တယ်လို့ သိရပါတယ်။
အခုလို တည်းခိုဆောင်သီးသန့်ထားရှိတာဟာ နှစ်စဉ်ဆောင်ရွက်နေကျဖြစ်သလို ကျောင်းဆောက်လုပ်တဲ့ ကုန်ကျစရိတ်ကို လိုအပ်ရင် အစိုးရက ကျခံပေးတယ်လို့ တိုင်းဒေသကြီးအစိုးရအဖဲ့ွ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးမင်းဦး က ပြောပါတယ်။ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဟာ ပွဲတော်ကျင်းပရေးအတွက် တာဝန်ယူဆောင်ရွက်ရတာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြောခွင့်ရသူ ဦးကျော်စိုးကတော့ တစ်ယောက်နဲ့တစ်ယောက် ဘာအကျိုးမှမျှော်ကိုးခြင်းမရှိဘဲ နှစ်ဖက်သဘောတူခဲ့တယ်ဆိုရင်တော့ အဂတိလိုက်စားမှု မြောက်တယ်လို့ ပြောလို့မရကြောင်း၊ အကျိုးမျှော်ပြီး ရလိုမှုနဲ့တည်ခင်းဧည့်ခံတယ်၊ ကျွေးမွေးတယ်ဆိုရင်တော့ အဂတိလိုက်စားမှုမြောက်တယ်လို့ မနေ့က RFA ကို ပြောထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဇော်တူး ပေးပို့တာပါ။