တင်းမရွာသားတွေ နေရပ်ပြန်ဖို့ ထပ်မံတောင်းဆို

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရတဲ့ ကျောက်တော်မြို့နယ် တင်းမရွာသားတွေဟာ လက်ရှိနယ်မြေအေးချမ်းနေတာမို့ နေရပ်ပြန်ခွင့်ပေးဖို့ ထပ်မံတောင်းဆိုလိုက်တယ်လို့ ရွာသားတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီထံ တင်ပြတောင်းဆိုထားတာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆို ခြောက်ကြိမ်မြောက်ရှိပြီလို့ တင်းမရွာသား ဦးသိန်းထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

ဇန်နဝါရီ ၃ ရက် မနေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အိမ်ခြေ အရေအတွက်၊ လူဦးရေ စာရင်းတွေကို မေးမြန်းခဲ့ပေမယ့် နေရပ်ပြန်ခွင့်ကိုတော့ တစ်စုံတစ်ရာ ပြောတာမရှိ ဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့အထဲ ၁၄၀ ကျော်ဟာ မီးလောင်ပြာကျသွားခဲ့သလို ကျန်တဲ့အိမ်တွေလည်း လက်ရှိ ပျက်စီးနေပြီလို့ ရွာသားတွေက ဆိုပါတယ်။

တင်းမရွာသားတွေ နေရပ်ပြန်ဖို့ တောင်းဆိုတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ နှစ်နှစ်တာတိုက်ပွဲကာအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ဟာ အခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။