ကချင်က တရုတ်ငှက်ပျောကားတွေ ပိတ်သိမ်းပေးဖို့အဆို ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်း
ကချင်ပြည်နယ်မှာ စိုက်ပျိုးနေတဲ့ တရုတ် တစ်သျှူးငှက်ပျောကိစ္စနဲ့ ပတ်သက်ပြီး တရုတ်တွဲ ကားကြီးတွေ လွတ်လပ်စွာသွားလာနေမှုကို တရားဝင်ပိတ်သိမ်းပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ကချင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်းမယ့် ကိုယ်စားလှယ်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
-
2019-02-06 -
-
-
ကချင်ပြည်နယ်မှာ စိုက်ပျိုးနေတဲ့ တရုတ် တစ်သျှူးငှက်ပျောကိစ္စနဲ့ ပတ်သက်ပြီး တရုတ်တွဲကားကြီးတွေ လွတ်လပ်စွာသွားလာနေမှုကို တရားဝင်ပိတ်သိမ်းပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ကချင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်းမယ့် ကိုယ်စားလှယ်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
အဲဒီအဆိုကို ဆွေးနွေးတင်ပြမယ့် ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးတင်ဦးယုက ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက ဒီကိစ္စနဲ့ ပတ်သက်လို့ ကြိုတင်ဆောင်ရွက်ထားတာတွေ မရှိတဲ့တွက် တာဝန်ရှိတဲ့ ဝန်ကြီးအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပြီး အကြောင်းပြန်မယ်လို့ မေတ္တာရပ်ခံတဲ့တွက် ရုပ်သိမ်းလိုက်တာလို့ ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်နဲ့ ရွှေကူမြို့နယ်တွေမှာ စိုက်ပျိုးနေတဲ့ တရုတ် တစ်သျှူး ငှက်ပျောတွေအတွက် တရုတ်ကုန်တင် တွဲကားကြီးတွေကို လွပ်လပ်စွာ ဝင်ထွက်ခွင့် ဆက်လက်ပေးနေရင် ကချင်ပြည်နယ်ရဲ့ ဘဏ္ဍာငွေတိုးတာ အနည်းငယ်သာရှိပြီး အဲဒီအတွက် ပြန်ပေးဆပ်ရတာက လမ်း၊ တံတားပျက်စီးမှုသာမက သယံဇာတနဲ့ မြေ၊ လူကိုပါယူနေတဲ့တွက် ဝင်ငွေနဲ့ ထွက်ငွေ မျှတမှု မရှိနိုင်ကြောင်းနဲ့
ပြည်နယ်ရဲ့ ဆုံးရှုံးနစ်နာမှုကို ဂရုပြုပြီး တရားဝင်ပိတ်သိမ်းကာ နယ်စပ်ဂိတ်မှာသာ ကုန်ပစ္စည်း ကူးပြောင်းတာတွေ ပြုလုပ်ပေးဖို့ အစိုးရကို တိုက်တွန်ကြောင်း အဆိုကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
ကိုယ်စားလှယ် ဦးတင်ဦးယုက အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်သဘောထားတွေ မမှန်ကန်ဘူးဆိုရင်တော့ အဆိုကို ဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ တစ်သျှူးငှက်ပျော စိုက်ပျိုးတာတွေ၊ ပြည်ပကို တင်ပို့ သယ်ဆောင်တဲ့ လုပ်ငန်းတွေကို စနစ်တကျ ကြီးကြပ်နိုင်ရေးအတွက် မှုဝါဒ တစ်ရပ်ချမှတ်ဖို့ အစီအစဉ် ရှိ မရှိ နဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ကချင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးမှာ ပြည်နယ်အစိုးရကို တခြားလွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်းတာတွေရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။