ကွတ်ခိုင်မြို့နယ်မှာ တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-တာမိုးညဲ ကားလမ်းပေါ်က မောဟန်ကျေးရွာအနီးမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ခရီးသွားတွေ ပိတ်မိခဲ့ပါတယ်။

မနက် ၈ နာရီကျော်လောက်ကစပြီး နေ့လယ်ပိုင်းအထိ တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် မောဟန်ရွာမရောက်ခင် နောင်ချိုရွာနားက လယ်ကွင်းထဲမှာ ခရီးသွားတွေကို TNLA အဖွဲ့က ဆက်မသွားဖို့ တားမြစ်ခဲ့ပြီး ခရီးသွားသူ စုစုပေါင်း နှစ်ရာဝန်းကျင်လောက်နဲ့ ကားအစီးရေ ငါးဆယ်လောက်အထိ ပိတ်မိခဲ့တယ်လို့အဲဒီနေရာမှာ ရောက်နေတဲ့ ခရီးသွားတစ်ဦး က RFA ကို ပြောပါတယ်။

TNLA အဖွဲ့ကတော့ တိုက်ပွဲအခြေအနေအရ တားမြစ်ထားတာလို့ပြောဆိုထားပြီး သူတို့စောင့်နေ တဲ့လယ်ကွင်းကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။ နေ့လယ်ပိုင်းမှာတော့ ခရီးသွားတွေကို ပုံမှန်သွားလာခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

ကွတ်ခိုင်နဲ့ တာမိုးညဲကြား မောဟန်ကျေးရွာအပါအဝင် သံလွင်မြစ်အနီးတစ်ဝိုက် သြဂုတ်လ ၄ ရက်နေ့ မနေ့ကစပြီး တပ်မတော်က တပ်မ ၉၉ လက်အောက်ခံတပ်တွေဟာ တာမိုးညဲ အခြေစိုက် တပ်မတော်စစ်ကြောင်းတွေနဲ့ ပေါင်းပြီး TNLA အဖွဲ့နဲ့ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သလို ဒီမနက်မှာလည်း မောဟန်ရွာနဲ့ တာမိုညဲအနီးက နမ့်ကြုံကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

TNLA ဘက်က နယ်မြေကျော်လွန်တာတွေကြောင့် တပ်မတော်နဲ့ အခုလို တိုက်ပွဲတွေဖြစ်ပွားရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

TNLA အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ အပစ်ရပ်ရေး ဆွေးနွေးနိုင်ဖို့အတွက် တပ်မတော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်း ငါးခုမှာ တစ်ဖက်သတ် အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားတာ သြဂုတ်လကုန်အထိ သတ်မှတ်ထားပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)