မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌနဲ့ မိသားစု ပျောက်ဆုံးနေ

2022.01.19
မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌနဲ့ မိသားစု ပျောက်ဆုံးနေ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန် မိသားစု ကို တွေ့ရစဉ်
Photo: Citizen Journalist

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန်နဲ့အတူ ဇနီးနဲ့ လသားအရွယ် ကလေးငယ်ဟာ အချိန် ဆယ်ရက်ခန့် ကြာလာတဲ့ အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိုင်းကိုင်မြို့နယ် TNP ပါတီ အလုပ် အမှုဆောင်အဖွဲ့ဝင် မိုင်းအောင်ခမ်းက RFA ကို ဒီနေ့ပြောပါတယ်။

အသက် ၃၆ အရွယ် မိုင်းနုမ်ဟန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၁၁ နာရီ‌ လောက်မှာ သူ့ဇာတိ မက်ချီးနုရွာက မိခင်ဖြစ်သူ နာရေးကနေ မိုင်းကိုင်မြို့ကိုအပြန် ပန်လောကျေးရွာအနီးမှာ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။ သူနဲ့အတူ အသက် ၃၀ အရွယ် ဇနီးဖြစ်သူ လွေးအေးခနဲ့ ခုနစ်လသားအရွယ် သမီးဖြစ်သူပါ ပျောက်ဆုံးနေတာပါ။

တုန်လောရွာအဝင်နဲ့ ပန်လောရွာတစ်လျှောက် လမ်းမမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ရဲ့ ရှောင်တခင် စစ်ဆေးရေးဂိတ်တွေ ရှိနေပြီး မိုင်းကိုင်ကနေ မက်ချီးနုရွာ ကို အသွားမှာလည်း RCSS အဖွဲ့ထံ နှစ်နာရီ လောက်အထိ စစ်ဆေးမေးမြန်းခံခဲ့ရသလို အပြန်မှာလည်း ထပ်မံစစ်ဆေးတာခံခဲ့ရတယ်လို့ မိုင်းအောင်ခမ်းက ပြောပါတယ်။

ဒီလို စစ်ဆေးခံရပြီး တုန်လောရွာအထွက်မှာ မိုင်းနုမ်ဟန်နဲ့ နောက်ဆုံး ဖုန်း အဆက်အသွယ် ရခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျေးရွာတာဝန်ရှိသူတွေက ဒေသအတွင်းမှ ရှိတဲ့ RCSS တပ်ဖွဲ့ အကြီးအကဲတွေထံ သွားရောက်တိုင်ကြားခဲ့ရာမှာ ဒီကိစ္စဟာ အထက်လူကြီးတွေ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စသာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ကြောင်းလည်း ပြောပါတယ်။

မိုင်းနုမ်ဟန်မိသားစု ပျောက်ဆုံးနေမှုအတွက် မိုင်းကိုင်မြို့နယ်နဲ့ ခရိုင်ရွေကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားသလို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နဲ့ တိုင်းစစ်ဌာနချုပ်အပြင် ခိုလမ်မှာရှိတဲ့ အပစ်ခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကိုလည်း စာပို့ထားတယ်လို့ မိုင်းအောင်ခမ်းက ပြောပါတယ်။ ဒါ့အပြင် RCSS ဗဟိုကော်မတီ ကိုလည်း ထပ်မံ စာပေးပို့တိုင်ကြားသွားမယ်လို့ သူကဆက်ပြောပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ ကတော့ မိုင်းကိုင် တုန်လောရွာလမ်း တစ်လျှောက် ဟာ SSPP နဲ့ စစ်ရေး တင်းမာနေပြီး မိုင်းနုမ်ဟန် ပျောက်ဆုံးမှု အခြေအနေကို သတင်းအတိအကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

မိုင်းကိုင်မြို့နယ်အတွင်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတုန်းကလည်း တအာင်းပါတီ ဥက္ကဋ္ဌ မိုင်းအောင်ခမ်းနဲ့ အတွင်းရေးမှူးဖြစ်သူတို့ကို RCSS တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံရေးမှာ ပါဝင်မပတ်သက်ဘူးဆိုတဲ့ ခံဝန်ချက်နဲ့ ပြန်လွတ်လာခဲ့ကြောင်း ကိုယ်တိုင် အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ မိုင်းအောင်ခမ်းက ပြောပါတယ်။

မိုင်းကိုင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပြီး ဒီနေ့အထိ ထွက်ပြေးနေရသူ နှစ်ထောင်ကျော် ရှိနေတယ် လို့ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။