မြန်မာ့အရေးဆွေးနွေးဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ဂျပန်သွားမည်

၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က  နယူးယောက် ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews)။
၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က နယူးယောက် ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews)။ (UN Web TV)

မြန်မာ့အရေး ဆွေးနွေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) ဟာ ဂျပန်နိုင်ငံကို ဧပြီလ ၁၉ ရက်ကနေ ၂၈ ရက်နေ့အထိ သွားရောက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆက်လက်ဆိုးရွားယိုယွင်းနေဆဲဖြစ်နေတဲ့အတွက် နက်ရှိုင်းလာနေတဲ့ လူ့အခွင့်အရေးဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းဖို့ ဂျပန်ရဲ့ဦးဆောင်မှုကဏ္ဍ အရေးကြီးလာမှာဖြစ်ကြောင်း အရပ်ဘက်ပြည်သူတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုတွေ တိုးမြင့်လာနေပြီး နိုင်ငံရေးအကျဉ်းသားအရေအတွက်လည်း ဆက်လက်မြင့်တက်လာနေကြောင်း၊ လူသားချင်းစာနာကူညီရေးဆိုင်ရာ လိုအပ်ချက်တွေလည်း ကြီးထွားကျယ်ပြန့်လာနေကြောင်း တွမ် အင်ဒရူး က ပြောပါတယ်။

ဒါ့ပြင် ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ ဂျပန်အနေနဲ့မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး ဒေသတွင်း ဦးဆောင်မှုနေရာမှာ ရှိနေတဲ့အတွက်၊ သူ့ရဲ့ဩဇာကို အသုံးပြုပြီး ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်ကောင်စီကို အထီးကျန်ဖြစ်အောင်၊ အင်အားချည့်နဲ့လာအောင် တိုက်တွန်းမှာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

တွမ် အင်ဒရူးဟာ တိုကျိူမှာ ဂျပန်အစိုးရ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဂျပန်ကုမ္ပဏီတွေ၊ ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျိုတိုကို သွားရောက်ပြီး၊ ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနမှာလည်း ဆွေးနွေးစကားပြောကြားမှာ ဖြစ်ပါတယ်။

တွမ် အင်ဒရူးဟာ ဧပြီလ ၂၈ ရက်၊ တိုကျိုမြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပမှာဖြစ်ပါတယ်။