လတ်တလော အခြေအနေတွေအရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုရှိသလဲ၊ မြန်မာခေါင်းဆောင်သစ်နဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှု ဖြစ်ထွန်းနိုင်မလား ဆိုတာတွေကို လေ့လာစောင့်ကြည့်နေတယ်လို့ Mr. Campbell က ပြောပါတယ်။ ဒါ့ပြင် Mr. Campbell က မြန်မာခေါင်းဆောင်သစ်တွေနဲ့ ချည်းကပ် ဆက်ဆံရေးအတွက် အမေရိကန် အစိုးရရဲ့ ကြိုးပမ်းမှုတွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ ထောက်ခံ အားပေးကြောင်း ပြောပါတယ်။ တဆက်တည်းမှာဘဲ သူက မြန်မာအစိုးရသစ်ရဲ့ စရိုက်လက္ခဏာကို အကဲဖြတ်ဖို့ စောလွန်းသေးကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။
