ထိပ်တန်း စီးပွားရေးသမားများ ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်မည်

နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး စတဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ ထိပ်သီး လုပ်ငန်းရှင်တချို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

0:00 / 0:00

လက်တွေ့လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ ရွေးကောက်ပွဲ ဝင်ကြမှာဖြစ်တဲ့ အတွက် စီးပွားရေးနဲ့ပတ်သက်လို့ ကောင်းတဲ့ အလားအလာပဲလို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးက RFA ကို ပြောပါတယ်။

“လုပ်ငန်းရှင်ထဲကတော့ ဆန်ဥက္ကဋ္ဌ ဦးအောင်သန်းဦး ပါဖို့ ရှိပါတယ်။ ပြီးတော့ ဆန်စက်ဥက္ကဋ္ဌ ဦးတင်ဝင်းပါ။ ကျွန်တော်တို့ ဥက္ကဋ္ဌကတော့ ပါမှာပါ။ ဥက္ကဋ္ဌက တန့်ဆည်ကနေ ပြိုင်မှာပါ။ သူတို့က လက်တွေ့လုပ်နေတဲ့ လုပ်ငန်းရှင်တွေ ပါတော့ တခုတော့ ကောင်းတာက လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေ ဘာတွေကိုလည်း သူတို့ တင်ပြဖို့ လွယ်သွားတာပေါ့လေ။ သူတို့ ရွေးကောက်ခံရရင်ပေါ့၊ သူတို့လည်း လွှတ်တော်မှာ တင်ပြလို့ ရသွားတာပေါ့။ ပိုပြီးတော့ voice တွေ ဘာတွေ ပြောလို့ ရသွားတာပေါ့လေ။ ဒါကိုတော့ ကျွန်တော်တို့ မြင်ပါတယ်။”

ရန်ကုန်မြို့က စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ စီးပွားရေး ဒီလုပ်ငန်းရှင်တွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်ပိုင်ခွင့် သိပ်မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“အဲ သူတို့မူက ထူးထူးခြားခြားကြီးတော့ အင်အား ကြီးကြီးမားမားကြီးတော့ ပါလာမယ်တော့ သိပ်ပြီး မယူဆပါဘူး။ သူတို့ကြောင့်မို့လို့ အပေါင်းတခု ပိုပြီးတော့ ဖြစ်မယ်၊ အပေါင်းလက္ခဏာ ဖြစ်မယ်၊ အနုတ်လက္ခဏာ ဖြစ်မယ်လို့လည်း မထင်ဘူး။ သူတို့က အင်အားကြီးမားတဲ့ အနေအထားမျိုးမှာတော့ မရှိပါဘူး။ စီးပွားရေး မူဝါဒတွေ ဘာတွေညာတွေလည်း သူတို့ကြောင့်မို့လို့ တခုခု ထူးထူးခြားခြား ပြောင်းလဲလိမ့်မယ်တော့ ဆရာက မယူဆပါဘူး။”

စီးပွားရေးလုပ်ငန်းရှင်တွေထဲက ယုဇန ဦးဌေးမြင့်က တနင်္သာရီတိုင်း မြိတ်မြို့၊ ဇေကမ္ဘာ ဦးခင်ရွှေက ရန်ကုန်တိုင်း၊ ကုန်သည် ̸ စက်မှု လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က တန့်ဆည်မြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ ရွေးကောက်ပွဲ ဝင်ရောက်မဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်