ဒီ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ The Trade Unions Act 1926 ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဖော်ပြပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ဖို့၊ အလုပ်သမား အချင်းချင်းကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်စေဖို့နဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို စနစ်တကျ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီဥပဒေကို ပြဌာန်းလိုက်တာလို့ ဆိုထားပါတယ်။ ဒါဟာ နိုင်ငံတကာမှာ ဖွဲ့စည်းတဲ့ အလုပ်သမား သမဂ္ဂပုံစံမျိုး မဟုတ်ဘဲ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ အလုပ်သမား အစည်းအရုံးနဲ့ ဆင်တူတယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ရှုမြင်ပါတယ်။ “ကြည့်ရတာကတော့ အရင် မဆလခေတ်က အခြေခံ အလုပ်သမား အစည်းအရုံး ပုံစံမျိုးပါပဲ။ မြို့နယ် ခရိုင် တိုင်း ဗဟို ဆိုပြီးတော့ ဖော်ပြထားတယ်။ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် ရမယ်ဆိုတဲ့ အနေအထားမျိုး မရှိဘူး။ မှတ်ပုံတင်ဖို့ဆိုတာ ပါနေတယ်။ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ အစည်းအရုံးလို့တော့ ကျနော်တို့ မသုံးသပ်မိဘူး” အခန်း ၁၄ ခန်းပါရှိတဲ့ ဒီ ဥပဒေ အခန်း (၁) အပိုဒ် (ဆ) မှာ သတ်မှတ်ချက်တွေနဲ့တကွ ဖော်ပြထားတဲ့ သပိတ်မှောက်ခြင်း ဆိုတဲ့ စကားရပ်ပါရှိပြီး အခန်း (၃) မှာ အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရမယ့် စည်းကမ်းချက်တွေကို ဖော်ပြထားပါတယ်။ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်တဲ့ မှတ်ပုံတင် အရာရှိချုပ်က မြို့နယ် မှတ်ပုံတင် အရာရှိကို တာဝန်ပေးအပ်ရမယ်လို့ ပါရှိပါတယ်။ ဒီ အခန်း (၃) အပိုဒ် (၁၀ ) မှာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဟာ မိမိ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ဒီ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေဘဲ ဒီဥပဒေက သတ်မှတ် ထားတဲ့ အချက်တွေပါဝင်တဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို အဖွဲ့အစည်းဝင် အများစုရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲရမယ်လို့လည်း ပါရှိပါတယ်။ ဒီကန့်သတ်ချက် တွေကြောင့် ပုဂ္ဂလိကတွေ အနေနဲ့ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရမယ့် အခွင့်အလမ်း နည်းပါးတယ်လို့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။ “ပုဂ္ဂလိက အနေနဲ့ကတော့ အလုပ်သမား အစည်းအရုံး ဖွဲ့လို့ရမှာ မဟုတ်ဘူး။ အလုပ်သမားထုရဲ့ အကျိုးစီးပွားကို လက်တွေ့ ဆောင်ရွက်နေတဲ့ စမ်းချောင်းက ကိုသက်ဝေ ခေါ် ကိုပေါက်စတို့ သင်္ကန်းကျွန်းက ဒေါ်အေးရင်သန်းတို့ စတဲ့ သူတွေက လုပ်ကိုင်ခွင့် ရမယ် မထင်ဘူး။ မှတ်ပုံတင်တာ လိုင်စင်လျှောက်ရမယ့် အနေအထား ရှိတယ်” ဒီ ဥပဒေမှာ တားမြစ်ချက်နဲ့ ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ပြစ်ဒဏ် ချမှတ်နိုင်တဲ့ အကြောင်းကိုလည်း ပြဌာန်းထားပါတယ်။
