Traders ဟိုတယ် ဗုံးကွဲ၊ နိုင်ငံခြားသူတစ်ဦၤး ဒဏ်ရာရ


2013.10.14

အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲ ဝန်းကျင်အချိန်လောက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ တနင်္လာနေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ တည်းခိုနေတဲ့ အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း ရဲအရာရှိတစ်ဦးကပြောဆိုရာမှာ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ရဲ့ ရေချိုးခန်းအတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲတာလို့ယူဆကြောင်း၊ ဒါပေမဲ့ အချက်အလက်တွေတွေ့အောင် ရှာဖွေရဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။

ပေါက်ကွဲမှုကြောင့် ရေချိုးခန်းအတွင်းရှိနေတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးရဲ့ ပေါင်၊ လက်နဲ့ ကျောဘက်တွေမှာ ဒဏ်ရာရရှိ သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာခဲ့ပါတယ်။ ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူ အမျိုးသမီး၊ ခင်ပွန်းဖြစ်သူနဲ့ ကလေးနှစ်ဦးဟာ ဟောင်ကောင်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး၊ အောက်တိုဘာ ၁၄ ရက် နေ့လည်ပိုင်းက စတင်တည်းခိုခဲ့တယ်လို့ဆိုပါတယ်။

တပ်မတော် အင်ဂျင်နီယာတပ်ရင်း ဗုံးရှင်းလင်းရေးတပ်ဖွဲ့က Traders တစ်ဝိုက်မှာ အနံ့ခံခွေးတွေနဲ့ အင်္ဂါနေ့ မနက်ပိုင်းအထိ ဆက်လက်ရှာဖွေခဲ့ပေမဲ့ နောက်ထပ် ပေါက်ကွဲပစ္စည်းတစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး Traders ဟိုတယ်မှာ တည်းခိုသူဧည့်သည်တွေရဲ့ အချက်အလက်တွေ၊ ဟိုတယ်အဝင်အထွက် မှတ်တမ်းတွေကို CCTV ကင်မရာကတစ်ဆင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။