မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်- မန္တလေး ရထားပြေးဆွဲမှု ယာယီရပ်ဆိုင်း

မန္တလေးကနေ ရန်ကုန်ကို ပြေးဆွဲလာတဲ့ ကုန်တင်ရထားတစ်စီး သြဂုတ်လ ၁၈ ရက် မနေ့က ပဲခူးတိုင်း ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နဲ့ ကျောက်တံခါးမြို့နယ် တောကျွဲအင်း ရွာအကြား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်- မန္တလေး ရထားပြေးဆွဲမှုတွေကို ယာယီရပ်နားလိုက်ပါတယ်။

ရထားခရီးစဉ်တွေကို ဩဂုတ်လ ၁၈ ကနေ ၂၀ ရက်အထိ ရပ်နားထားတယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

"ဒီနေ့လည်း မန္တလေး ရထား နှစ်စီးလုံး မထွက်သေးပါဘူး။ ဘယ်နေ့လောက် ထွက်မလဲဆိုတာကတော့ မသိသေးဘူး"

မိုင်းခွဲခံလိုက်ရတဲ့ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွက် လက်ရှိမှာ ပြုပြင်နေဆဲဖြစ်လို့ ခရီးစဉ်တွေကို ရပ်နားထားတာလို့ ရန်ကုန်ဘူတာကြီး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့က ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ ရထားစက်ခေါင်း၊ နားနေတွဲနဲ့ ကုန်တွဲတွေ တိမ်းမှောက်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

ဒီကုန်တင်ရထားကို ဘယ်အဖွဲ့အစည်းက မိုင်းခွဲတိုက်ခိုက်ခဲတယ်ဆိုတာကို RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီကလည်း ကုန်တင်ရထားဟာ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတာလို့ ထုတ်ပြန်ပေမယ့် ဘယ်သူတွေက လုပ်တယ်ဆိုတာ တိတိကျကျ ဖော်ပြမထားပါဘူး။

ပဲခူးတိုင်း ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ဩဂုတ်လဆန်းက တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ကျောက်ကြီး မြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တွေ မှာလည်း ဇူလိုင်လကစလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။