ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားမှာ ကားအစီးရေ ထောင်ချီပြီး ယာဉ်ကြောပိတ်နေ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားမှာ ကားအစီးရေထောင်နဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့ မှုတွေ ဖြစ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုတွေ၊ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ယာဉ်ကြောပိတ်နေတဲ့ နေရာမှာရောက်ရှိနေတဲ့ ကုန်တင်ယာဉ်မောင်းသမားတွေက ပြောပါတယ်။

အဓိကပိတ်နေတဲ့နေရာကတော့ နမ့်ဖက်ကာရွာနဲ့ မန်လွယ်ရွာတစ်ဝိုက်မှာ အတက်ကားရော အဆင်းကားရော ကားတွေ ၄ ထပ်လောက်ထိ ဖြစ်နေတယ်လို့ မူဆယ်ကနေ မန္တလေးကို ပြန်ဆင်းလာတဲ့ ယာဉ်ကြောပိတ်တဲ့နေရာ မှာရောက်နေတဲ့ ကုန်တင်ယာဉ်မောင်း ကိုတွက်ပီ က ပြောပါတယ်။

"ရှုခင်းသာနဲ့ နမ့်ဖက်ကာကြားမှာ ပိတ်နေတယ်၊ ကွတ်ခိုင်ကြားမှာပေါ့၊ အတက်ရော အဆင်းရောပဲ မန္တလေးကို ပုံမှန်မောင်းမယ်ဆိုရင် ၁၀ နာရီ ၁၁ နာရီပဲမောင်းရမယ် အခုလောလောဆယ်တော့ ၂ ညအိပ် ၃ ရက်ရှိသွားပြီ"

ယခုလ ၁၄ ရက်နေ့ကစပြီး ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားမှာ ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့တာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အတက်ကားတစ်လှည့် အဆင်းကားတစ်လှည့် လွှတ်ပေးပေမယ့်လည်း ဒီနေ့အထိ ယာဉ်ကြောကတော့ ပိတ်နေဆဲဖြစ်ပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်ပြီး အခုလို ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးကြန့်ကြာပြီး ကုန်တွေအချိန်မီ မရောက်နိုင်လို့ ပုပ်သိုးလွယ်တဲ့ ရေထွက်ကုန်တွေ၊ သစ်သီးတွေ ပျက်စီးဆုံးရှုံးတာတွေကြောင့် ကုန်သည်တွေ အခက်ကြုံနေရပါတယ်။