တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေဟာ ဆက်ဖြစ်နေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
မိုးတိမ်တောင်ဖြစ်ထွန်းမှုတွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
"အရင်တုန်းကတော့ မြန်မာနိုင်ငံမြောက်ပိုင်းလောက်ပဲ မိုးတိမ်တောင်တွေဖြစ်ပြီးတော့ ဒီဖြစ်စဉ်တွေဖြစ်ခဲ့ တယ်ပေါ့၊ အခုတော့ ပိုပြီးကျယ်ပြန့်လာပြီးတော့ ဘယ်ကဆင်းလာသလဲဆိုရင် မြောက်ဘက်ကနေ တောင် ဘက်ကိုဖြတ်ဆင်းလာတယ်၊ အခုဆို ဘယ်လောက်အထိရောက်လဲဆိုရင် မြစ်ဝကျွန်းပေါ်အစပ်လောက် ထိ ရောက်သွားပြီပေါ့၊ နောက်လာမယ့် လေးငါးရက်အထိ ခန့်မှန်းချက် ထုတ်ကြည့်တဲ့အခါမှာ မိုးတိမ်တောင်ဖြစ်တာ နောက်ရက်တွေမှာ အနည်းဆုံးနောက်ထပ် ၃ ရက်လောက် ၂၅ ရက်နေ့လောက် အထိ ပိုလို့ ပိုလို့ ဆိုးလာဖို့ရာရှိတယ်၊ ၂၅ ရက်နေ့ နောက်ပိုင်းကျမှသာ ပြန်ကျသွားမယ်ပေါ့၊ အဲ့ဒီအနေအထားရှိပါတယ်"
ဒီရက်ပိုင်းမှာ ဖြစ်သွားတဲ့ ကလေးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တွေမှာ လေပြင်းတိုက်တာ၊ ကချင်ပြည်နယ်မှာ မိုးသီးကြွေတာတွေဟာ မိုးတိမ်တောင်တွေကြောင့်လို့ ပြောပါတယ်။
မိုးတိမ်တောင်ကြောင့် မိုးသီးကြွေတာ၊ မိုးချိန်းတာ၊ လေပြင်းကျတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လေဆင်နှာမောင်းတိုက်တာ၊ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
နောက် သုံးရက်လောက်အထိ ကချင်၊ ရှမ်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယား၊ ကရင်၊ မွန် စတဲ့ဒေသတွေမှာ မိုးတိမ်တောင်ဖြစ်နိုင်တယ်လို့ လည်းပြောပါတယ်။
ဒေါက်တာထွန်းလွင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းတားပါတယ်။
