မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ရေး တူရကီစတင်စုံစမ်း

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တူရကီအာဏာပိုင်တွေက စတင်စုံစမ်း စစ်ဆေးနေပြီလို့ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) အဖွဲ့က ထုတ်ပြန်ပါတယ်။


မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရေးယူပေးဖို့ ဗြိတိန်အခြေစိုက် MAP လူ့အခွင့်အရေး အဖွဲ့က တူရကီ အစိုးရရှေ့နေရုံးမှာ လျှောက်ထားခဲ့ပြီးနောက် တူရကီနိုင်ငံဘက်က အခုလို စတင်စစ်ဆေးလာတာလည်း ဖြစ်ပါတယ်။

MAP အဖွဲ့ ဒါရိုက်တာ ခရစ္စဂန်းနက်စ်က "ဒီလို မကြုံစဖူး စုံစမ်းစစ်ဆေးမှု စတင်လိုက်တာဟာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကနေ အနိမ့်ဆုံးအဆင့်အထိ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပြီး သူတို့ကို စွဲချက်တင်နိုင်ဖို့ အားကောင်းတဲ့ သတင်းစကား ပေးပို့လိုက်တာပါပဲ" လို့ မနေ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါဟာ နိုင်ငံခြားတိုင်းပြည်တစ်ပြည်က မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ပထမဆုံး စစ်ဆေးတဲ့ အမှုလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုပြီးနောက် တူရကီနိုင်ငံဟာ မြန်မာ့အရေးကို စိတ်ဝင်တစား ရှိလာတယ်လို့လည်း ဆိုပါတယ်။

MPA အဖွဲ့အနေနဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေ အထောက်အထား အသစ်တွေရှာနေပြီး တူရကီဘက်ကို ပေးသွားမယ်လို့လည်း ပြောပါတယ်။ နိုင်ငံတကာ ရဲတပ်ဖွဲ့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဆီးပေးဖို့လည်း တောင်းဆိုထားပါတယ်။

တူရကီနိုင်ငံမှာသာမက ပြင်သစ်နဲ့ အရှေ့အာရှနိုင်ငံက တရားရုံးတွေမှာလည်း စစ်အုပ်စုကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ MAP လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်တပ်ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အပါအဝင် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့သူပေါင်း ၁၉ဝဝ နီးပါးရှိပါတယ်။