မြေယာပြန်ရရေး တွံတေး လယ်သမားတွေ ဆန္ဒပြ


2016.06.08
twante-farmers-620.jpg ရန်ကုန်တိုင်း တွံတေးမြို့မှာ ဇွန်လ ၁၈ ရက်နေ့က လယ်သမားတွေ ဆန္ဒပြစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်း တွံတေးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စုနဲ့ အဘေကျေးရွာ အုပ်စုက သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၉၀၀ ကျော်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့ နဲ့ တပ်မတော်ကနေ ငှားရမ်းလုပ်ကိုင်နေတဲ့ လယ်သမားတွေကို အရေးယူပေးဖို့ လယ်သမား ၅၀ ကျော်က ဒီနေ့ တွံတေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

သိမ်းယူခဲ့တဲ့ တပ်မတော် တပ်ရင်းတွေကနေ သီးစားယူလုပ်ကိုင်ခဲ့သူတွေကို လုပ်ပိုင်ခွင့် ခွဲဝေချပေးနေတဲ့အတွက် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ တောင်သူ ဒေါ်သန်းသန်းထွေး က ပြောပါတယ်။

"၁ဝ ဧကပြန်တောင်းတော့ ၂ ဧကခွဲပဲ ပြန်ပေးတယ်၊ အပြည့်ပြန်မပေးဘူး၊ သီးစားကိုယ်စားလှယ် ကျတော့ ဧက ၅ဝ ကျော်ပေးလုပ်တယ်၊ ကျမတောင်းထားတဲ့ ၁ဝ ဧက အပြည့် လိုချင်တာပေါ့"

၁၉၉၄ ခုနှစ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်ရင်း ၁၆ခုက တွံတေးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စုနဲ့ အဘေကျေးရွာအုပ်စုက ကျေးရွာ ၈ရွာမှာ လယ်ယာမြေဧက ၉၀၀ ကျော်ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလယ်ယာမြေတွေကို သီးစားချငှားရမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ တပ်မတော်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ ပြန်လည်လွဲှပြောင်းပေးခဲ့ရာ မြို့နယ်အဆင့် မြေယာစီမံခန့်ခွဲရေးကော်မတီက မူလတောင်သူတွေနဲ့ သီးစားယူလုပ်ကိုင်နေတဲ့ တောင်သူတွေကို ပြန်လည်ခွဲဝေပေးခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

အဲဒီလိုခွဲဝေပေးရာမှာ မူလတောင်သူတွေကို ဧက ၄၀၀ နီးပါး၊ သီးစားယူလုပ်ကိုင်ခဲ့တဲ့ တောင်သူတွေကို ၅၀၀ ကျော် ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုခွဲဝေပေးခဲ့ပြီးနောက်ပိုင်း သီးစားယူလုပ်ကိုင်ခဲ့တဲ့တောင်သူတွေနဲ့ မူလတောင်သူတွေအကြား မကြာခဏပြဿနာဖြစ်ပွားနေတာဖြစ်ပါတယ်။

ဆန္ဒပြတောင်သူတွေဟာ သီးစားယူလုပ်ကိုင်ခဲ့တဲ့ တောင်သူတွေကို ခွဲဝေပေးခဲ့တဲ့ လယ်ယာမြေတွေကို ပြန်လည် ရရှိလိုကြောင်းနဲ့ အဲဒီတောင်သူတွေကို အရေးယူပေးဖို့အတွက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေပြန်လည် စိစစ်ရေး ကော်မတီနဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာနဲ့ အသနားခံစာဆိုင်ရာ ကော်မတီထံ စာတင်ထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။