ဗြိတိန်စုံတွဲရဲ့ မိတ်ဆွေနှစ်ဦးကို သက်သေထွက်ပေးဖို့ တောင်းဆို


2015.06.24
koh-tao-620.jpg ဗြိတိန်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ်
Photo: BangKok Post

မြန်မာနိုင်ငံသား နှစ်ဦးဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြစ်စဉ်မှာ အဓိက သက်သေတွေဖြစ်တဲ့ သေဆုံးသူတွေရဲ့ သူငယ်ချင်း မိတ်ဆွေနှစ်ဦးကို သက်သေအဖြစ်ထွက်ဆိုပေးဖို့ မြန်မာသံရုံး အထူးအဖွဲ့က တရားရုံးကို တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံသား David Miller နဲ့ Hannah Witheridge တို့ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေဖြစ်တဲ့ ရှောင်မက်နာဟေးစ် နဲ့ ခရစ္စတိုဖာ အလမ်ဝဲတို့ကို သက်သေတွေ အဖြစ် နိုင်ငံချင်းချိတ်ဆက်ဆင့်ခေါ်ပေးဖို့ ကော့စမွီမြို့နယ် တရားသူ ကြီးထံကို တောင်းဆိုထား တာဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေဦးအောင်မျိုးသန့် က ပြောပါတယ်။

"အဓိကကတော့ ရှောင်ဆိုတဲ့လူက ဟန်နာရဲ့သူငယ်ချင်းဖြစ်တယ်၊ ပြီးတော့အခင်းဖြစ် ပြီးမနက်မှာပဲ သူက ဘားထဲကိုဝင်လာတယ်၊ ပြီးတော့သူရဲ့လက်မှာ လည်း ဒဏ်ရာ တွေရထားတယ်၊ ပြီးတော့သွေးစွန်းနေတဲ့ ဂစ်တာလည်းကိုင်လာတယ်၊ ဒါတွေကို ဘားမှာရှိတဲ့ အစောင့်ထိုင်းလင်မယား ကနေပြီးတော့ ဆေးကုသပေး တယ်၊ ဒီအချက်တွေလည်း ကျနော်တို့ အများကြီးကြားသိထားပါတယ်၊ နောက်ပြီးတော့ သူကိုယ်တိုင်တင်တဲ့ Facebook မှာလည်း သူ့ကိုနောက်က လူ ၂ ယောက်လိုက် သတ်နေတယ်ဆိုပြီးတော့ 7 Eleven ကောင်တာ ကနေ ဓာတ်ပုံရိုက်ပြီးတော့ တင်တဲ့ကိစ္စလေးတွေလည်းရှိပါတယ်၊ ခရစ္စတိုဖာ ကိုယ်တိုင်ကလည်း လေယာဉ် ကွင်းမှာ စစ်ဆေးခဲ့တာရှိတယ်၊ နောက်သူ့ရဲ့သွေးစွန်းနေတဲ့ဘောင်းဘီ ဒါကြောင့်ဒီအမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ဟာ မျက်မြင်သက်သေ ဒါမှမဟုတ် သိတဲ့လူတွေဖြစ်နိုင်တယ်ဆိုပြီးတော့ စစ်ဆေးမေးမြန်းဖို့ တရားရုံးမှာ ခွင့်တောင်းထားပါတယ်"

ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ(၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ချ်(၂၃) နှစ်တို့နှစ်ဦးဟာ ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညက အသတ်ခံခဲ့ရပြီး ဒီလူသတ်မှု အတွက် မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဖမ်းဆီးပြီး ကော့စမွီအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ အမှုကို လာမယ့် ဇူလိုင် ၈ ရက်နေ့မှာ သုံးရက် ဆက်တိုက် စတင်ပြီး ရုံးထုတ်စစ်ဆေးမယ်လို့လည်း သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံမြန်မာနိုင်ငံသားနှစ်ဦးရဲ့ DNA မျိုးရိုးဗီဇကို ဇူလိုင် ၈ ရက် ရုံးချိန်မတိုင်မီ အချိန်မီပြန် လည်စစ်ဆေးပေးဖို့လည်း ထိုင်းနိုင်ငံရှေ့နေ များကောင်စီက တိုက်တွန်းတောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။