မန္တလေးတိုင်းက အထူးပြောက်ကျားတပ်ဖွဲ့ဝင် ငါးယောက်နဲ့အတူ အသက် ၁၀ နှစ်အောက် ကလေး နှစ်ယောက် ဇန်နဝါရီ ၂၂ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ မန္တလေးမြို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ်ထဲမှာ သတင်းပေးသူကြောင့် အခုလိုအဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
“သတင်းအတိအကျနဲ့ လာဖမ်းသွားတာ။ အိမ်ရှင်လည်း အဖမ်းခံလိုက်ရသလို အသက် ၁၀ နှစ် ကလေးနဲ့ ၆ နှစ်ကလေးပါ ဖမ်းသွားတယ်”
အခုလိုဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မန္တလေးတိုင်း အထူးပြောက်ကျားတပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပြီး အဖွဲ့နဲ့ပတ်သက်သူတွေ ဘေးကင်းရာကိုရှောင်ကြဖို့ အသိပေးထားပါတယ်။
သူတို့ကို လက်ရှိအချိန်အထိ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရဘူးလို့လည်း ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက် မနေ့က မန္တလေးလေးတိုင်း ဥပဒေချုပ်ရုံးနဲ့ တရားလွှတ်တော် အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး မန္တလေးမြို့မှာ လုံခြုံရေးအထူးတင်းကျပ်ကာ စစ်ဆေးရေးတွေလည်း နေရာအနှံ့လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။