မြေနီကုန်းတံတားအောက် ဗုံးကွဲမှု နှစ်ဦးသေ၊ ကိုးဦး ဒဏ်ရာရ
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ခုံးတံတားအောက်က ဇူလိုင် ၁၂ ရက် မနေ့က ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ အဖွဲ့တွေက RFA ကို ပြောပါတယ်။
- 2022-07-13
-
-
-
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ခုံးတံတားအောက်က ဇူလိုင် ၁၂ ရက် မနေ့က ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ အဖွဲ့တွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတွေဖြစ်ပြီး ရန်ကုန် ဆေးရုံကြီးနဲ့ ဒဂုံမြို့နယ်က အမှတ် (၂) ခုတင် (၅၀၀) စစ်ဆေးရုံတို့မှာ မနေ့ညပိုင်းက သေဆုံးခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောပါတယ်။
"အားလုံးပေါင်း ၁၁ ယောက် ထိပါတယ်။ နှစ်ယောက်က DB (Dead Bodies - သေဆုံး) ဖြစ်သွားတယ်။ နှစ်ယောက် သေဆုံးသွားတယ်ခင်ဗျ။ ဆုံးသွားတာက မိန်းကလေး နှစ်ယောက်ပါ။ ရန်ကုန်ဆေးရုံကြီးမှာ တစ်ယောက် ဆုံးတယ်။ စစ်ကားနဲ့တင်သွားတဲ့ တစ်ယောက် ဆုံးတယ်"
မနေ့က ဇူလိုင် ၁၂ ရက်နေ့၊ ညနေ ၃ နာရီခွဲမှာ မြေနီကုန်း ခုံးကျော်တံတားအောက်၊ ဒဂုံစင်တာ အနီးက ပလက်ဖောင်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီကတစ်ဆင့် ဒဏ်ရာ ရသူတွေကို ရန်ကုန်ဆေးရုံကြီးနဲ့ အမှတ် ၂ ခုတင် (၅၀၀) စစ်ဆေးရုံကို ပို့ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်က ထိခိုက်ဒဏ်ရာရသူ ကိုးဦးကို ကူညီကယ်ဆယ်ရေးအဖွဲ့ သုံးဖွဲ့က ဆေးရုံ ပို့ဆောင်ပေးခဲ့ရပြီး သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူတစ်ဦးကိုတော့ စစ်ကောင်စီရဲ့ ဒယ်ဗယ်ကပ်ကားနဲ့ တင်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရသေးသလို ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က လုပ်ဆောင်တယ်ဆိုတာလည်း မသိရှိရသေးပါဘူး။
ဒီမြေနီကုန်း ခုံးကျော်တံတားအောက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ကလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။