ရဲနှစ်ယောက် သေနတ်ပစ်ခံရ

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ရွာဝန်းကျင်မှာ ရဲအရာရှိ ၂ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်လို့ လွိုင်ကော်ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဘက်က တာဝန်ရှိသူတွေ ဒီမော့ဆိုဘက်ကို ဒီနေ့သွားရောက် စုံစမ်းနေတယ်လို့ လွိုင်ကော်မြို့နယ် ရဲစခန်းမှူး ဦးဝင်းဌေး က RFA ကို ပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးကြောင်းလည်း လွိုင်ကော်မြို့နယ် ရဲစခန်းမှူး က ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်၊ စံပြ ၆မိုင်ကျေးရွာ၊ လောပိတသွားတဲ့လမ်းဘေးမှာ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ် ၂ ယောက် မနေ့ညပိုင်းက ပစ်သတ်ခံခဲ့ရတာဖြစ်ကြောင်း ဒီမော့ဆိုမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး လွိုင်ကော်အခြေစိုက် ကန္တာရဝတီတိုင်းမ် သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

အဲဒီကိစ္စကို ဒီမော့ဆိုမြို့နယ် ရဲတပ်ဖွဲ့ထံ RFA က ဆက်သွယ်မေးမြန်းရာမှာ အလုပ်များနေတာကြောင့် ပြန်လည်မဖြေကြားနိုင်သေးကြောင်းသာ ပြောဆိုပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။