မန္တလေးမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ်နီးပါး ဆန္ဒပြနေတဲ့ အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ၃၈ လမ်း၊ ၆၃ နဲ့ ၆၄ လမ်းတွေမှာ ဇန်နဝါရီလ ၄ ရက် မနေ့ညနေက စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုးပေါ်ကိုသေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရာမှာ နှစ်ဦးဖမ်းဆီးခံလိုက်ရတယ်လို့ သပိတ်စစ်ကြောင်း မှာ ပါဝင်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲအပြီး လူစုခွဲချိန်မှာ အခုလိုဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်စစ် ကြောင်းမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ဖမ်းခံလိုက်ရတယ်။ ဆန္ဒပြပွဲပြီး လူစုခွဲချိန်မှာ အနား က ဆိုင်ထဲကနေ အရပ်ဝတ်တွေနဲ့ ထွက်လာပြီးတော့ ဖမ်းတာ။ အဲဒီနောက် သေနတ်တွေနဲ့ပစ်တယ်။ မိုးပေါ်ထောင်ပစ်တာဆိုတော့ လူတော့မထိကြဘူး။ အခုတော့ ဖမ်းခံရသူတွေ အခြေနေသိဖို့တော့ လိုက်စုံ စမ်းနေကြပါတယ်”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို ဖမ်းဆီးတာတွေ လုပ်နေပေမယ့် ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်း လိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇန်နဝါရီလ ၄ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၈၃၈၅ ဦး ရှိပါတယ်။