အဂတိလိုက်စားမှုနဲ့ တရားစွဲ ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အစိုးရအဖွဲ့က ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် တို့နှစ်ဦးကို ကာယကံရှင်တွေ သဘောဆန္ဒအရ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်ကို ပေးသွင်းဖို့ ကျပ်ငွေသန်း ရှစ်ထောင် ကျန်တဲ့ GGS ကုမ္ပဏီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေမှာ အချက်အလက် မပြည့်စုံတာတွေနဲ့ပတ်သက်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က တာဝန်ရှိတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ နုတ်ထွက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ ဦးကြည်လှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းကိုတော့ တာဝန်ကနေ ဖယ်ရှားပေးဖို့ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခ ရီးစဉ်အတွင်း မြိတ်မြို့ဒေသခံတွေက တိုင်ကြားတာတွေ ရှိခဲ့ပါတယ်။
ဝန်ကြီးရာထူးကနေ နုတ်ထွက်ရတာနဲ့ပတ်သက်လို့ ဦးဖြိုးဝင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျန်းမာရေးကြောင့် နုတ်ထွက်တာဖြစ်ကြောင်း ပြောပါတယ်။
ဝန်ကြီးချူပ် ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုနဲ့ ရာထူးကနေဖယ်ရှားလိုက်ပြီး တစ်ပတ်ကျော်အကြာမှာဘဲ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း တို့ကို မိမိဆန္ဒသဘောအလျောက် နုတ်ထွက်ခွင့်ပြုတယ်လိ့ု့ ဒီနေ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်တာပါ။
တိုင်ကြားတာတွေရှိတာကြောင့် စစ်ဆေးတာတွေပြုလုပ်ပြီး နုတ်ထွက်ခိုင်းတာလို့ ယူဆကြောင်း NLD ပါတီ ကျွန်းစုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က ပြောပါတယ်။
"နုတ်ထွက်သွားတဲ့အကြောင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့သိထားတဲ့ ဝန်ကြီး ဖြိုးဝင်းထွန်းတို့ကို မြိတ်ကပြည်သူတွေ တိုင်စာထဲမှာ ပါတယ်လို့လည်း သိရတာပေါလေ။ ကျွန်တော်တို့ အစီရင်ခံစာတင်တုန်းက ဝန်ကြီးချုပ်တစ်ယောက်ထဲ ဒီအပေါ်မှာ မူတည်ပြီးတော့ တိုင်တဲ့လူတွေကိုလည်း ပါတီက ခေါ်စစ်တယ်လို့ ကြားရတယ် ဝန်ကြီးကိုလည်း စစ်ဆေးမယ်လို့ ကျွန်တော်တို့ ယုံကြည်တာပေါနော်။ ဒီအပေါ်မှာ ရရှိတဲ့အဖြေပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတော် သမ္မတ ကနေပြီးတော့ သူရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း မိမိသဘောဆန္ဒသဘောအရ နုတ်ထွက်ခိုင်းတာလို့ ကျွန်တော်ကတော့ထင်ပါတယ်"
အဂတိလိုက်စားမှုနဲ့ ပတ်သက်မှု ရှိ မရှိ၊ အရေးယူဆောင်ရွက်မှု ရှိ မရှိကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အခုလို သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်တဲ့အပေါ် ဒေသခံတွေ သဘောမကျကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွ့ဲအစည်းက ဦးလှမော် က ပြောပါတယ်။
"ပြဿနာတစ်ပုံ အကြီးအကျယ်တက်နေတယ်။ တိုင်ခံရတဲ့သူတွေလည်း ရှိနေတဲ့အချိန်မှာ အဲလိုကြီး ရုတ်တရက် မိမိသဘောထားဆန္ဒအရ နုတ်ထွက်ခွင့်ပြုလိုက်တယ်ဆိုတဲ့ဟာမျိုးကတော့ ပြည်သူလူထုအနေနဲ့ သိပ်သဘောမကျဘူးပေါ့။ သူတို့သည် အပြစ်ရှိရင် အပြစ်ရှိတဲ့အလျောက် ဖော်ထုတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ နိုင်ငံတော် သမ္မတ အနေနဲ့ သက်ညှာမှုပေးလိုက်တဲ့သဘောလို့ ကျွန်တော်တို့အနေနဲ့မြင်တယ်"
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကြေငြာချက်မှာပါဝင်တဲ့ GGS ကုမ္ပဏီက ပေးသွင်းဖို့ ကျန်ရှိတဲ့ ကျပ်ငွေ သန်းရှစ်ထောင် ကိစ္စ၊ GGS ကုမ္ပဏီနဲ့ တိုင်းအစိုးရတို့ ချုပ်ဆိုတဲ့ စာချုပ်မှာ ကွက်လပ်ပါတာ စတဲ့ကိစ္စတွေမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးနဲ့ ဆက်စပ်မှုတွေရှိတယ်လို့ ယူဆသူတွေ အများအပြား ရှိပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်ကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
အလားတူ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟာလည်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် နဲ့အတူ မြိတ်ဒေသခံတွေက တိုင်ကြားခံရတဲ့ထဲမှာ ပါဝင်တဲ့အတွက် အများက သံသယရှိခြင်းကို ခံနေရပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းရာမှာတော့ အပြင်မှာ ဝေဖန်နေသလို့ မဟုတ်ကြောင်းနဲ့ ကျန်းမာရေးအခြေအနေအရ နုတ်ထွက်တာလို့ ပြောပါတယ်။
"ဘာကြောင့် နုတ်ထွက်ရသလည်းဆိုတော့ ကျန်းမာရေးအခြေအနေကြောင့်လို့ပဲ တင်ထားတာပေါ့။ ကျန်းမာရေးအခြေအနေကြောင့် ဘယ်သူဖိအားမှမရှိပါဘူး ကိုယ်သဘောပါ ကိုယ်ရဲ့သဘောအတိုင်းပါဘဲ"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကတော့ လက်ရှိဆောင်ရွက်ပြီးစီးတဲ့ဟာကို ထုတ်ပြန်ချက်ထုတ်ထားကြောင်း နောက်ပိုင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောစရာမရှိသေးကြောင်း RFA ကိုပြောပါတယ်။
"အဲဒီ တနင်္သာရီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က သတင်းထုတ်ပြန်ထားတဲ့အတိုင်းဘဲ ကျွန်တော်တို့က ပြည့်ပြည့်စုံစုံ ထုတ်ပြန်ထားပြီးပါပြီ။ နောက်ပိုင်းဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ လောလောဆယ် ဘာမှပြောစရာမရှိသေးပါဘူး"
ဝန်ကြီးနှစ်ဦး နုတ်ထွက်တာနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဝန်ကြီးတွေကို RFA က အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
နိုင်ငံတော် သမ္မတ ကပေးပို့ထားတဲ့ ဝန်ကြီးချုပ်နေရာကို လွှတ်တော်က အတည်ပြုဖို့နဲ့ လက်ရှိလစ်လပ်နေတဲ့ ဝန်ကြီး ၃ နေရာကို လာမယ့် မတ်လ ၂၂ရက်နေ့မှာ ပြုလုပ်မယ့် တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြု ခန့်အပ်ဖို့ရှိတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
