စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီ တပ်က စစ်ရဟတ်ယာဉ်အသုံးပြုပြီး ပစ်ခတ်ခဲ့တဲ့အတွက် ရွာသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့က ရွာအနီးကို စစ်ရဟတ်ယာဉ် လေးစီး ရောက်ရှိလာပြီးနောက် နှစ်စီးက စစ်သားတွေကိုချပြီး ကျန် နှစ်စီးက ကျေးရွာအတွင်းနဲ့ အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“စစ်ကောင်စီက မြေပြင်ကမလာဘဲ လေကြောင်းကနေလာပြီး စစ်ကြောင်းထိုးတာ။ အကုန်ထွက်ပြေး ကြတာပေါ့။ မနေ့က သူတို့မရှိတော့ဘူးဆိုတော့ ရွာကိုပြန်ဝင်ကြတော့ ရွာအရှေ့ဘက် သရက်ခြံတွေ ဘက်မှာ အလောင်းတွေ တွေ့တယ်။ အပေါ်ကနေ ပစ်လိုက်တာ ထိသွားပုံရတယ်။ လည်ပင်းမှာ သေနတ် ဒဏ်ရာတွေ တွေ့ရတယ်။ ရွာထဲက အိမ်တွေက အသုံးဆောင်ပစ္စည်းတွေလည်း ယူသွားကြတယ်။ စားစရာတွေလည်း ယူစားသွားကြတယ်“
သေဆုံးသူတွေဟာ အသက် ၂၂ နှစ်အရွယ် ကိုဇော်မျိုးနောင်နဲ့ အသက် ၄၂ နှစ်အရွယ် ဦးဆန်းခိုင် တို့ဖြစ် တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်သားတွေဟာ ညောင်ပင်ကြီးတောရွာ ဘုန်းကြီးကျောင်းမှာ တစ်ရက်တပ်စွဲခဲ့ပြီး ဒီကနေ့မှာတော့ ဝက်လက် မြို့နယ် အရှေ့ခြမ်းကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့နယ် အနောက်မြောက် တိုင်း စစ်ဌာနချုပ်ကဖြစ်ပြီး အင်အား ၈၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်တွေကို အပြင်းအထန် ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို စစ်ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။