အီးယူဒဏ်ခတ်ထားသည့်ကြားမှ ဦးတေဇ၏ ဇနီး အီတလီသွားခွင့်ရ

စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ဇနီး ဒေါ်သီတာဇော်ဟာ ၂၀၁၁ ခုနှစ်အတွက် အီးယူ အဖွဲ့ရဲ့ ပိတ်ဆို့ ဒဏ်ခတ်စာရင်းမှာ ပါနေတဲ့ကြားက အီတလီနိုင်ငံကို မကြာသေးမီ်က သွားရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။

2011.05.05
tay_za_air_bagan_305_z.png ပုဂ္ဂလိကပိုင် အဲယား ပုဂံကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇကို ၎င်း၏ လေကြောင်းလိုင်းအတွက် မှာယူထားပြီး ၂၀၀၇ ဇန်နဝါရီ ၂၂ ရက်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ဆိုက်ရောက်လာသည့် အဲယားဘတ်စ် A300-200 လေယာဉ်ကြီးရှေ့တွင် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အီးယူ နိုင်ငံတွေ သွားရောက်ခွင့် ဗီဇာအပိတ်ခံထားရတဲ့ ဒေါ်သီတာဇော်အနေနဲ့ အီတလီကို ဘယ်လို သွားရောက်ခွင့် ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်သံတမန် အသိုင်းအဝိုင်းကို RFA က စုံစမ်းခဲ့ပါတယ်။ 

ကျန်းမာရေး မကောင်းတဲ့ ဦးတေဇရဲ့ သမီးအငယ်ဆုံးကို အီတလီနိုင်ငံ ရောမမြို့မှာ ဆေးကုသဖို့အတွက် ဒေါ်သီတာဇော်က ဗီဇာလျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ လူလူချင်းစာနာမှု အခြေခံနဲ့ ခုလို ဗီဇာထုတ်ပေးခဲ့တာ ဖြစ်ကြောင်း အီးယူသံတမန်တွေနဲ့ နီးစပ်တဲ့ အရာရှိတဦးက RFA ကို ပြောပါတယ်။

 ဒေါ်သီတာဇော်နဲ့ မိသားစုကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားက ရှဲန်းငဲန် ဗီဇာ (Schengen Visa) အမျိုးအစား ဖြစ်ပါတယ်။ သာမန်အားဖြင့် ဒီ ဗီဇာမျိုး ရသူတွေဟာ ရှဲန်းငဲန် သဘောတူညီချက်မှာ ပါတဲ့ ဥရောပ ၂၅ နိုင်ငံကို သွားရောက် လည်ပတ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒေါ်သီတာဇော်နဲ့ ခင်ပွန်း ဦးတေဇတို့ မိသားစုဟာ ၂၀၁၁ ခုနှစ် အီးယူဒဏ်ခတ်စာရင်းမှာ ပါနေတဲ့အတွက် အီတလီက လွဲပြီး တခြား ၂၄ နိုင်ငံကို သွားခွင့်မပေးဘူးလို့ အဆိုပါ အရာရှိက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်သီတာဇော်ဟာ ဂျာမနီနိုင်ငံ ခေတ္တရောက်နေတုန်း အမေရိကန်နိုင်ငံက မိတ်ဆွေတချို့ကို ဖုန်းဆက်ခဲ့တယ်လို့ RFA က စုံစမ်းသိရတဲ့အတွက် ဘယ်လိုနည်းနဲ့ ဂျာမနီနိုင်ငံကိုပါ သွားခွင့်ရခဲ့သလဲ ဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒီကိစ္စ မေးမြန်းဘို့ ဒေါ်သီတာဇော်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။

၂၀၁၁ ခု အီးယူ ဒဏ်ခတ်စာရင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ အုပ်စုခွဲပြီး ဒဏ်ခတ်စာရင်းကို ဖော်ပြရာမှာ ဦးတေဇနဲ့ မိသားစုကို အစိုးရ စီးပွားရေးပေါ်လစီများ၊ အစိုးရနဲ့ ဆက်နွယ်နေသူများထံမှ အကျိုးစီးပွား ရနေသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ဒဏ်ခတ်စာရင်းအောက်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ 

ဦးတေဇပိုင် လုပ်ငန်းအားလုံးကို လုပ်ငန်းအမည်စာရင်း အသေးစိတ်နဲ့ စာရင်းပြုစုပြီး အီးယူက ဒဏ်ခတ်ထားတဲ့ပြင် ဦးတေဇရဲ့ ဇနီး ဒေါ်သီတာဇော်၊ သား ပြည့်ဖြိုးတေဇ၊ ဦတေဇရဲ့ မိခင် ဒေါ်အုန်းဦတေဇရဲ့ အစ်ကို ဦးသီဟနဲ့ ဦးသီဟရဲ့ ဇနီး ဒေါ် ရွှေရွှေလင်းတို့ကိုပါ ဒဏ်ခတ်စာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။