၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ ကွယ်လွန်

2021-07-15
Share
၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ ကွယ်လွန် ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီကျော်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတဲ့ ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ။
Photo Courtesy of May Zune Oo

၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ဦးလှရွှေ (ခ) အောင်သာ (အသက် ၈၄ နှစ်) ဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီကျော်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။

စစ်အာဏာရှင်ကို ခေတ်အဆက်ဆက် ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဦးလှရွှေဟာ ဘဝသက်တမ်းအတွင်း ထောင် (၆) ကြိမ်၊ ၂၆ နှစ်နီးပါး အကျဉ်းချခံခဲ့ရသူ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဘိုကလေးမြို့ဇာတိဖြစ်တဲ့ ဦးလှရွှေဟာ အထက်တန်းကျောင်းသား ဘဝကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ၁၉၆၀-၆၁ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အမှုဆောင်အဖြစ်နဲ့ သမိုင်းဝင် 'အိုးဝေ' မဂ္ဂဇင်းကို တာဝန်ခံ ထုတ်ဝေစဉ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ "၇-ရက် ဇူလိုင်" ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ပွားပြီး ဇူလိုင်လ ၈ ရက်နေ့မှာ စစ်ကောင်စီက တကသ အဆောက်အဦကို မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။

u-hla-shwe.jpg
၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ။

ဦးလှရွှေဟာ စစ်အာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကို တိမ်းရှောင်ရင်း ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ချိန်မှာ အလွတ်ပညာသင် ကျောင်းအုပ်အဖြစ် ရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်‌ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် စစ်ကောင်စီက လူဖမ်းပွဲပြုလုပ်ချိန်မှာ ကျောင်းသားခေါင်းဆောင်အများစုနဲ့အတူ လက်နက်ကိုင်တောခိုခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ ၃ နှစ်ကျော် ချုပ်နှောင်ခံခဲ့ရပါတယ်။

၁၉၈၂ ခုနှစ်မှာ ပုဒ်မ ၅ (ည) နဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ်၊ ၁၉၈၆ ခုနှစ်မှာ ပုဒ်မ ၁၀ (က) နဲ့ နှစ်နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ အစပိုင်းမှာ ပြန်လွတ်လာပါတယ်။ နိုင်ငံ‌ရေးပါတီတွေ တည်ထောင်ရာမှာ အရင် "ပြည်သူ့တိုးတက်ရေးပါတီ" (People's Progressive Party) ရဲ့ အတွင်းရေးမှူးတာဝန် ယူခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် တကသမြက်ခင်းပြင်မှာ ပြုလုပ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တရားဝင်ဖြစ်မြောက်ရေး ညီလာခံမှာ ဦးလှရွှေဟာ ၁၉၆၂ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် တက်ရောက် မိန့်ခွန်း ပြောခဲ့ပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံရပြီး ပုံနှိပ်ဥပဒေပုဒ်မ၊ နိုင်ငံရေးပုဒ်မ ၅ (ည) တို့နဲ့ ထောင်ဒဏ် (၇) နှစ်ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကလွတ်လာပြီးနောက် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလမှာ "မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်" ပြုစုရာမှာ ပါဝင်မှုနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။

uhs-and-wife.jpg
၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေနဲ့ ဇနီးဒေါ်ခင်မာအေး။

ဦးလှရွှေရဲ့ ဇနီးဖြစ်တဲ့ ကွယ်လွန်သူ ဒေါ်ခင်မာအေး (၁၉၄၀- ၂၀၀၈) ဟာ စစ်အစိုးရအဆက်ဆက်လက်ထက် ဘဝတစ်လျှောက်လုံး ခင်ပွန်းသည်နဲ့အတူ ကျောင်းသားလှုပ်ရှားမှုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ရင်း အကြိမ်ကြိမ် ဖမ်းဆီး အကျဉ်းချခံခဲ့ရသူ ဖြစ်ပါတယ်။ သားဖြစ်သူ နှစ်ဦးဟာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့၊ အကျဉ်းကျခံရတဲ့အတွက် ဦးလှရွှေ ကွယ်လွန်ချိန်အထိ မိသားစုဝင်ငါးဦး စုံစုံညီညီ အတူတကွ မနေခဲ့ရဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့