သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဒီကနေ့ ရောက်မည်

သမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်ကို အထူးလေယာဉ်နဲ့ ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

2012-07-21
Share

ခရီးစဉ်အရ Chon Buri မှာရှိတဲ့ Laem Chabang ရေနက်ဆိပ်ကမ်းကို ဒီကနေ့ သွားရောက် ကြည့်ရှုမှာဖြစ်ပြီး၊ မနက်ဖြန် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ မြန်မာပြည်ကို မပြန်ခင် မြဘုရားကို သွားရောက် ကြည်ညိုမှာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးကြမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့အသေးစိတ် မပြောဆိုပါဘူး။

ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်အတွင်း မြန်မာနဲ့ ထိုင်း စီးပွားရေး တိုးတက် ဆောင်ရွက်နိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်မယ်ဆိုရင် မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် ဘယ်လိုဘယ်ပုံ အကာအကွယ် ပေးမယ်ဆိုတာတွေ အပါအဝင် တရားဝင် စာချုပ် စာတမ်းတွေ ချုပ်ဆိုနိုင်ရေး ဆွေးနွေးစေချင်ကြောင်း ထိုင်း အစိုးရကို ပြောဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် အနေနဲ့ ကချနဘူရီ၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်နဲ့ Prachuap Khiri Khan ဒေသတွေမှာ နယ်စပ် ဂိတ် (၄) ခု ဖွင့်လှစ်ရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နိုင်ငံသား စိစစ်ရေး နှေးကွေးနေပြီး ဈေးကြီးနေတဲ့ကိစ္စ၊ ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စနဲ့ မြန်မာနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ကော့သောင်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းလူမျိုး (၉၂) ဦးအကြောင်း စတာတွေ ဆွေးနွေးဖွယ် ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်ဟာ နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပါတယ်။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး အပါအဝင် သူဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ထိုင်းနိုင်ငံကို သတိရ သွားအောင် လုပ်နိုင်ခွင့်ပေးမယ့် ခရီးလည်း ဖြစ်ပါလိမ့်မယ်လို့ လေ့လာသူတစ်ဦးက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့