ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာနေရာဆက်ရရေး လှုပ်ရှားမှုတွေစတင်

RFA Burmese
2023.09.10
ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာနေရာဆက်ရရေး လှုပ်ရှားမှုတွေစတင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ပေးရန် ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့တွင် တောင်းဆိုဆန္ဒပြနေကြစဉ်။
Kim Wong

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ တောင်းဆို ဆန္ဒပြလှုပ်ရှားမှုတွေ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေမှာ မနေ့က လုပ်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့၊ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့ရောက် မြန်မာတွေ စုရုံးပြီး မြို့ရဲ့ ထင်ရှားတဲ့ နေရာတွေမှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

"သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် မြန်မာပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုတယ်" ဆိုတဲ့ ကြွေးကြော်ဆောင်ပုဒ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ အခုလာမယ့် စက်တင်ဘာလ တတိယသီတင်းပတ်အတွင်း အထွေထွေညီလာခံကြီး ကျင်းပဖို့ရှိနေပြီး အဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိပါတယ်။

3.jpg
သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ပေးရန် ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် တောင်းဆိုဆန္ဒပြနေကြစဉ်။

ဒီညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြု သံအမတ်ကြီးဦးကျော်မိုးထွန်း နောက်တစ်နှစ်ထပ်မံ ကိုယ်စားပြုခံရရေး လူထုလှုပ်ရှားမှုတွေလုပ်ကြဖို့ စစ်အာဏာဆန့်ကျင်ရေးသမားတွေက တိုက်တွန်းထားတာပါ။

ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေ ကုလသမဂ္ဂဌာနချုပ်ကိုရောက်နေတဲ့တစ်ချိန်တည်းမှာပဲ မြန်မာ့အရေးပိုအလေးပေးလာအောင် တောင်းဆိုဆန္ဒပြပွဲတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ နယူးယောက်က မြန်မာတွေကလည်းပြောပါတယ်။

ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ စစ်ကောင်စီကလည်း ကြိုးပမ်းနေပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ကိုယ်စားပြုခွင့်မရဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရနေပါတယ်။

ဒီနှစ်ကုလ ညီလာခံမှာလည်း ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးလိမ့်မယ်လို့ သံတမန်အသိုင်းအဝိုင်းကနေ ကနဦးသတင်းကြားသိထားရတယ်လို့ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။