ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။
-
2010-09-30 -
-
-
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး NCUB က အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်င ံဒီမိုကရေစီပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက် လာအောင် ကြိုးပမ်းမှုတွေကို အားပေးထောက်ခံသလို အစည်းအဝေးအပြီး မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အများပါနိုင်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပဖို့ တောင်းဆိုတာကိုလည်း ကြိုဆိုကြောင်း စက်တင်ဘာ ၂၉ ရက် မနေ့က ထုတ်ပြန်တဲ့ NCUB ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ချမှတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စနစ်ဟာ အခြေခံအားဖြင့် ဒီမိုကရေစီနဲ့ မကိုက်ညီသလို လက်ရှိအနေထားမှာလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမျိုး ကျင်းပနိုင်ဖို့ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို ပြည်သူလက်ခံထားတဲ့ ခေါင်းဆောင်တွေ ပါဝင်ခွင့် ကန့်သတ်ထားသလို အတိုက်အခံနိုင်ငံရေးပါတီတွေကိုလည်း မဲဆွယ်စည်းရုံးတာကို ကန့်သတ်ပိတ်ပင်ထားကြောင်း၊ ဒါ့အပြင် စစ်အစိုးရအလိုကို မလိုက်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ခြိမ်းခြောက်တာတွေ ရှိနေပြီး တနိုင်ငံလုံးပြည်သူတွေအပေါ် ကြောက်ရွံ့စိတ်လွှမ်းနေအောင် လုပ်ဆောင်ထားတဲ့အတွက် ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဟာ အများပါဝင်နိုင်တဲ့ လွတ်လပ်၊ တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ကြောင်း NCUB က ဝေဖန် ထောက်ပြထားပါတယ်။