ကုလအရေးပေါ်ရန်ပုံငွေ သန်း ၁ဝဝ ထုတ်ပေး၊ မြန်မာ ၁၂ သန်းရရှိ
2024.08.31
မြန်မာအပါအဝင် အာရှ၊ အာဖရိက၊ အမေရိကနဲ့ အရှေ့အလယ်ပိုင်း စုစုပေါင်း နိုင်ငံ ၁၀ နိုင်ငံက အရေးပေါ်အခြေအနေတွေအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ပေးအပ်လိုက်ပါတယ်။ မြန်မာနိုင်ငံက ဒေါ်လာ ၁၂ သန်း ရရှိမှာဖြစ်ပါတယ်။
ဒီရန်ပုံငွေနဲ့ ရာသီဥတုဒဏ်၊ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ နိုင်ငံတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နိုင်ငံ ခုနှစ်နိုင်ငံအတွက် ဒေါ်လာ သန်း ၁ဝဝ ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနှစ်အတွင်း ထုတ်ပေးခဲ့တဲ့ ဒေါ်လာ သန်း ၂ဝဝ ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အနိမ့်ဆုံး ပမာဏဖြစ်ပြီး ဒါဟာ အလှူရှင်ထောက်ပံ့မှုနဲ့ အကူအညီလိုအပ်မှု ကွာဟချက်ကြီးမားတာကို မီးမောင်းထိုးပြနေတယ်လို့ UNOCHA က ဆိုပါတယ်။
ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေအတွင်း အကူအညီလိုအပ်နေသူ သန်း ၁၈၇ သန်းအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း လေးသောင်း ကိုးထောင်လိုအပ်နေပြီး ရန်ပုံငွေရဲ့ ၂၉ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း ဒေါ်လာ သန်း သုံးသောင်းငါးထောင် လိုအပ်နေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။