ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက သတင်းထောက်သုံးဦးကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မေလ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒီသတင်းထောက်တွေ အဖမ်းခံရတဲ့ကိစ္စကို ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိ အပါအဝင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သုံးဦးဆီကိုလည်း တိုက်တွန်းတောင်းဆိုထားတယ်လို့ RSF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
DVB သတင်းထောက်သုံးဦးနဲ့ သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူ နှစ်ဦးကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ မကြာခင်ရက်ပိုင်းကပဲ ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး သူတို့ကို မြန်မာနိုင်ငံ ပြန်ပို့မယ့်အရေးအတွက် အထူး စိုးရိမ်နေတယ်လို့ RSF အဖွဲ့က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ DVB သတင်းဌာနရဲ့ ပြည်တွင်း သတင်းထုတ်လုပ်မှု လုပ်ငန်းတွေ ရပ်ဆိုင်းခံခဲ့ရပြီး သတင်းထောက် တချို့ ထိုင်းနိုင်ငံဘက်ကို ရောက်လာခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၂ လအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၅၀ ကျော်ထဲမှာ DVB သတင်းဌာနက ၅ ဦး ပါဝင်ပါတယ်။ အဲ့ဒီအထဲမှာ ရိုက်နှက်ပြီးအဖမ်းခံရလို့ မျက်နှာမှာ ဒဏ်ရာရခဲ့တဲ့ သတင်းထောက် ကိုမင်းညိုကို မေလ ၁၁ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ အလားတူ DVB ဓာတ်ပုံသတင်းထောက် ကိုသူရစိုးဟာလည်း ဧပြီလ ၂၄ ရက်နေ့ညနေက စစ်သား ၁၀ ဦးလောက်က ပစ်ခတ်ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
တခြား DVB သတင်းသမားတွေဟာလည်း ဖမ်းဝရမ်းတွေ ထုတ်ခံရလို့ တိမ်းရှောင်နေရတယ်လို့ RSF နယ်စည်းမခြား သတင်းသမားများ အဖွဲ့က ထုတ်ပြန်ထားပါတယ်။