လူထုအသံနားထောင်ဖို့ စစ်ကောင်စီကို ကုလအကြီးအကဲ တိုက်တွန်း
2023.09.07

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုမိုဆိုးဝါးလာနေတဲ့အတွက် အထူးစိုးရိမ်ပူပန်ကြောင်းပြောကြားရင်း တစ်ဆက်တည်းမှာပဲ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ရင်း ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ကုလ အကြီးအကဲက အခုလိုပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေပါတယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းလိုလားချက်တွေကို နားထောင်ပါ၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးရေးအတွက် ပိတ်ထားတဲ့တံခါးကိုဖွင့်ပေးပါလို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒုက္ခသည်အများအပြား ဆိုးဝါးလှတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ကိုလည်း စိုးရိမ်ဖွယ်အဖြစ် သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ နည်းဗျူဟာတစ်ခုကို တညီတညွတ်တည်း ချမှတ်နိုင်အောင် ကြိုးပမ်းကြပါလို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တိုက်တွန်းလိုက်ပါတယ်။
အာဆီယံထိပ်သီးတွေနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ ပါဝင်တက်ရောက်နေတဲ့ ဂျကာတာမြို့က ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာ ဘူဒင်ကလည်း မြန်မာနိုင်ငံရဲ့ ပြဿနာကို အလျင်အမြန် အဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး သူတို့နိုင်ငံမှာ လာရောက်ခိုလှုံနေရတာကို သူကထောက်ပြရင်း နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာ့အရေးကို စုပေါင်းအဖြေရှာဖို့ တာဝန်ရှိပါတယ်လို့ ဘင်္ဂလားဒေ့ရှ် သမ္မတ ပြောကြားသွားပါတယ်။