လွိုင်ကော်ကို တိုက်ခိုက်မှု ချက်ချင်းရပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့တစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေက လေကြောင်းကရော၊ မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးက တနင်္လာနေ့က တိုက်တွန်းလိုက်တဲ့ အကြောင်း Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

လွိုင်ကော်ဒေသမှာ ပြီးခဲ့တဲ့ အပတ်ကတည်းက မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ပြည်သူတွေကို ပိတ်ဆို့မထားဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးတဲ့ နေရာတွေကို ပေးဝင်ဖို့ကိုလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကတဆင့် ရေးသား တိုက်တွန်းပါတယ်။

လွိုင်ကော်မြို့တစ်ဝိုက်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး လွိုင်ကော်မြို့လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။