မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် တစ်ရပ်ကို ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။
အဲဒီအဆိုကို OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရဲ့ ကိုယ်စား ပါကစ္စတန်နိုင်ငံက တင်ပြ ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီက အတည်ပြုခဲ့တာပါ။ အဖွဲ့ဝင်ဖြစ်တဲ့ တရုတ်ပြည်ကတော့ သဘောတူကြောင်းလည်းမပြောအဆိုကို မဲခွဲဖို့လည်း မကန့်ကွက်ခဲ့ပါဘူး။
ပါကစ္စတန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် Khalil Hashmi ကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင် တွေရဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေက ဆိုးရွားနေဆဲဖြစ်ပြီး လူ့အခွင့်အရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ဖို့ အခြေခံအခွင့်အရေးတွေကို မြှင့်တင်ပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews ကလည်း မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ငါးလ အာဏာသိမ်းပြီးကတည်းက လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု တွေကို အစီအစဉ်ရှိရှိ ကျူးလွန်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝန်းကလည်း အဲဒီကျူးလွန်မှုတွေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Michelle Bachelet ကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံရေးအကျပ်အတည်းကနေ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအရပ်ရပ်အဖြစ် ရောက်ရှိသွားခဲ့ပြီး နိုင်ငံ တစ်ဝှမ်း အကြမ်းဖက်မှုနဲ့ ဆင်းရဲဒုက္ခတွေကြောင့် နိုင်ငံရေရှည်တိုးတက်ဖွံ့ဖြိုးမှု အလားအလာတွေ ထိခိုက် နေရကြောင်း၊ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ ဒါမှမဟုတ် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ် ဖြစ်ပွားပေါ်ပေါက်ရာနိုင်ငံ ဖြစ်လာဖွယ်ရှိကြောင်း သတိပေးပြောဆိုပါတယ်။